သံလွင်ခက်
အောက်တိုဘာ ၄၊၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ရပ်ကွက် ၅ နှင့် ရပ်ကွက် ၈ တို့ကို စစ်ကောင်စီက ယနေ့မနက်အစောပိုင်းတွင် ဗုံး (၄) ကြိမ်ကြဲချခဲ့သဖြင့် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံများပျက်ဆီးခဲ့သည်ဟု ကိုးကန့်တပ် MNDAA က ထုတ်ပြန်ခဲ့သည်။
ယနေ့ အောက်တိုဘာလ ၄ ရက် မနက်အစောပိုင်း ၂ နာရီကနေ ၅ နာရီအတွင်း လူနေရပ်ကွက်များဖြစ်သည့် ရပ်ကွက် (၅) ရှိ ဂွမ်ယင်ဘုရားကျောင်းနှင့် ရပ်ကွက် (၈) တို့ကို ပေါင် ၅၀၀ ဗုံးဖြင့် ၄ ကြိမ်ကြဲချခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ၎င်းတို့လက်လွှတ်လိုက်ရသော နယ်မြေများကို ပြန်လည်ရယူရန် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း စစ်နယ်မြေမဟုတ်သည့် နေရာများသို့ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး (၂၅) ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား အနည်းဆုံး (၃၁) ဦး သေဆုံးကာ ၉၀ ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု MNDAA က ဖော်ပြထားသည်။
ပုံစာ- အောက်တိုဘာ ၄ ရက်နေ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် မြင်ကွင်းများ။
ဓာတ်ပုံ- MNDAA