ခင်သရဖီဦး
အောက်တိုဘာ ၄၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ကင်းတောင်ရွာကို ယနေ့နံနက် (၂) နာရီတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး (၄) လုံးကြဲခဲ့သဖြင့် (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် သက်ကြီးရွယ်အိုအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး (၇) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
“ည ၂ နာရီ လောက်မှာ စပြီးချတာ။ ၃ ခေါက်လာချတာပါ။ ပထမ တစ်ခေါက် နှစ်လုံးချတယ်။ နောက်တစ်လုံးစီနှစ် ခေါက်လာချတယ်” ဟု ကင်းတောင် ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် ဒေသခံများမှာ စိုးရိမ်နေကြကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။
ကင်းတောင်ရွာကို စစ်ကောင်စီမှ နေ့စဉ်လေယာဉ်ဖြင့် ကင်းထောက်နေပြီး ယနေ့နံနက်ပိုင်းတွင် ပထမဆုံးအကြိမ် ဗုံးချခြင်းဖြစ်သည်ဟု သိရသည်။
ကင်းတောင်ရွာမှာ တောင်ကုတ်နှင့် (၁၀) မိုင်အကွာတွင်ရှိပြီး စစ်ဘေးရှောင်စခန်းများမရှိသော်လည်း စစ်ဘေးရှောင်အများအပြားမှာ ဆွေမျိုးအိမ်များတွင် ခိုလှုံနေကြသည်ဟု သိရသည်။