ခင်သရဖီဦး
အောက်တိုဘာ ၃၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ယခုရက်ပိုင်းအတွင်း ရာသီတုပ်ကွေးဖျားနာမှုများဖြစ်ပွားနေပြီး ကူးစက်မှုများဖြစ်ပေါ်နေသဖြင့် စိုးရိမ်မှုများရှိနေရသည်ဟု အမ်းဒေသခံများထံမှ သိရသည်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရေကြီးမှုဖြစ်ပွားပြီးနောက် အမ်းမြို့ စစ်ဘေးရှောင်များနှင့် ကဇုကိုင်းကျေးရွာအုပ်စုထဲရှိ စစ်ရှောင်များသည် ခေါင်းဆိုး၊ နှာစေးနှင့် အဖျားရောဂါဝေဒနာများ ဖြစ်ပွားနေခြင်းဖြစ်သည်။
“ရောဂါကလည်း ကပ်ဘေးတစ်ခုလိုပုံစံမျိုး ဖြစ်နေပါတယ်။ လူတိုင်းဖျားတယ်။ လူတိုင်းချောင်းဆိုးတယ်။ ဒါက ကူးစက်ရောဂါလိုမျိုး ဖြစ်နေပါတယ်။ အိမ်တိုင်းလိုလိုမှာဖြစ်နေပါတယ်” ဟု အမ်းစစ်ဘေးရှောင်ဒေသခံတစ်ဦးက ဆိုသည်။
ထို့အပြင် တချို့နေရာများတွင် ဆေးဝါးဝယ်ယူရနိုင်သော်လည်း အဆမတန်ဈေးမြင့်တက်နေခြင်းကြောင့် စီးပွားရေးကြပ်တည်းနေသည့် ဒေသခံများအနေဖြင့် မဝယ်ယူနိုင်သည့်အခြေအနေတွင်ရှိသည်ဟု သိရသည်။
“ဆေးဝါးအလုံ့အလောက်ရှိနေပေမဲ့ အဆမတန်ဈေးကြီးနေတာပေါ့။ ဆိုတော့ လူတိုင်းကတော့ အခက်အခဲကြုံကြရပါတယ်။ မရှိတဲ့အနေအထား ဆင်းရဲနွမ်းပါးပြီး အခက်အခဲတွေရှိနေကြတော့ ဆေးဝါးကလည်း မသုံးစွဲနိုင်ဘူးပေါ့။ မဝယ်နိုင်တဲ့ လူတွေကလည်းရှိတာပေါ့” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ အနောက်ပိုင်း စစ်ဌာနချုပ်ရှိသည့် အမ်းမြို့ကို အာရက္ခတပ်တော်- AA က ပြီးခဲ့သည့် စက်တင်ဘာလ (၂၆) ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယခုရက်ပိုင်းအတွင်းတွင် တိုက်ပွဲများပြင်း ထန်းနေသည်ဟု သိရသည်။