ယမင်းဖူးပွင့်အောင်
အောက်တိုဘာ ၃၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ ယနေ့အချိန်အထိ ဖုန်းလိုင်းများပြတ်တောက်နေသည်ဟု ဒေသခံတချို့ထံမှ သိရသည်။
စစ်ကောင်စီ၏ မကြာခဏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA က ဖုန်းလိုင်းများ ခေတ္တဖြတ်တောက်ထားခြင်းဖြစ်သည်ဟုသိရပြီး သံလွင်ခက်အနေဖြင့် အတည်ပြုရန် ကြိုးစားဆဲဖြစ်သည်။
“၁ ရက်နေ့ကစပြတ်တာဗျ။ ဘာကြောင့် ပြတ်လဲတော့သေချာမသိဘူး။ MNDAA က ခဏဖြတ်ထားတယ်လို့တော့ ကြားတယ်” ဟု လားရှိုးမြို့ဒေသခံတစ်ဦးက ဆိုသည်။
ဖုန်းလိုင်းပြတ်တောက်နေသည့် ၃ ရက်တာအတွင်း ဆက်သွယ်ရေးနှင့် ငွေလွှဲရန် အခက်အခဲများရှိနေသည်ဟု လားရှိုးမြို့မှတောင်ကြီးသို့ ရွှေ့ပြောင်းနေထိုင်နေသည့် ပြည်သူတစ်ဦးက ပြောသည်။
“(မိသားစုကို) ပိုက်ဆံက ဒီဘက်ကပဲ လွှဲပေးနေတာဆိုတော့ ငွေလွှဲမရတော့ ရိက္ခာအတွက်တော့ စိတ်ပူပါတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလအထိ MNDAA အထူးဒေသ(၁)တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သား ၃၁ ဦးထက်မနည်း သေဆုံးပြီး ၉၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု MNDAA က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ပုံစာ- လားရှိုးမြို့နေ ပြည်သူများကို တွေ့ရစဉ်။ ဓာတ်ပုံ- လားရှိုးမြို့ပြန်လည်ထူထောင်ရေး။