ခင်သရဖီဦး
အောက်တိုဘာ ၂၊ ၂၀၂၄။
ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် ၆ မြို့နယ်တွင် မြို့ပေါ်နေရာတစ်ခုသာ သန်းခေါင်စာရင်းကောက်ယူနိုင် ပြီး AA ထိန်းချုပ်ထားသည့်ကျေးရွာများတွင် ကောက်ယူနိုင်ခြင်းမရှိဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကပြောသည်။
ယခု အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ စစ်ကောင်စီမှ ၎င်းတို့ထိန်းချုပ်ထားသည့် တောင်ကုတ်၊ မာန်အောင်၊ ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ ဂွစသည့်မြို့ပေါ်များတွင် လဝက၊ ရဲ၊ စစ်သား၊ ကျောင်းဆရာ/မတို့ဖြင့် သန်းခေါင်ရင်း ကောက်ယူနေသော်လည်း AA စိုးမိုးထားသည့် ကျေးရွာများတွင် ကောက်ယူနိုင်ခြင်းမရှိပေ။
“မြို့ထဲဆိုရင်တောင်မှ လူတချို့တဝက်ကမရှိတော့ဘူး။ စစ်ရှောင်တွေဖြစ်နေကြတယ်။ နယ်မှာဆိုတော့ ကောက်နိုင်စ ရာအခြေအနေမရှိဘူး။ ဝန်ထမ်းတွေကလည်း မြို့ပြင်ထွက်မရဘူး။ ပြင်ဆင်မူတွေကတော့ ရှိနိုင်တယ်။ သို့သော် လက် တွေ့ကောက်ဖို့ကကျ မဖြစ်နိုင်ဘူး။ ဟန်ပြကောက်ရင်တော့ မြို့တစ်ကွက်လောက်ကိုတော့ ကောက်နိုင်တယ်” ဟု ဦးဖေသန်းက ဆိုသည်။
ယမန့်နေ့ အောက်တိုဘာလ ၁ ရက်က စစ်တွေမြို့၌ သန်းခေါင်စာရင်းကောက်ယူနေသော်လည်း တောင်ကုတ်မြို့တွင် သန်းခေါင်စာရင်း မကောက်ယူနိုင်ကြောင်း တောင်ကုတ်မြို့မှ ဒေသခံတစ်ဦးက ဆိုသည်။
“တောင်ကုတ်မှာက ကောက်ဖို့မလွယ်ဘူး။ အုပ်ချုပ်ရေးယန္တရားက ပျက်သွားပြီ။ ဝန်ထမ်းတွေ တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ ရှိတယ်။ အခုထိတော့ ကောက်တာလည်းမရှိသေးဘူး” ဟု ၎င်းက ဆိုသည်။
စစ်တပ်အနေဖြင့် ထိန်းချုပ်နယ်မြေတချို့ မြို့များမှ သန်းခေါင်စာရင်းကို ရယူနေသော်လည်း ရခိုင်ပြည်တွင် လွတ်လပ်သည့်ရွေးကောက်ပွဲကျင်းပနိုင်ရန် အလားအလာမရှိကြောင်း နိုင်ငံရေးလေ့လာသူများက ပြောဆိုကြသည်။
ရခိုင်တွင် အာရက္ခတပ်တော် AA အနေဖြင့် မြို့ ၁၁ မြို့ထိ အလုံးစုံထိန်းချုပ်ထားပြီး ကျန်သည့်မြို့များကိုလည်း သိမ်းပိုက်သွားမည်ဟု တရားဝင်ကြေညာထားသည်။
ဓာတ်ပုံ- AA Info Desk