ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၂၇၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက ရက် ၃၀ အတွင်း ၇ ကြိမ်ဗုံးကြဲခဲ့ပြီး အရပ်သား ၄ ဦးထက် မနည်းသေးဆုံးကာ ၃၄ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လားရှို့မြို့ပြန်လည်ထူထောင်ရေးအဖွဲ့၏ စာရင်းအများ အရ သိရသည်။
ယခုလ စက်တင်ဘာ ၈ ရက်နေ့မှစတင်ကာ ၉၊ ၁၀၊ ၂၁၊ ၂၄၊ ၂၅၊ ၂၇ ရက်တို့တွင် ပေါင် (၅၀၀) ဗုံးများအသုံးပြုကာ အရပ်သားနေအိမ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၉၊ ၂၄ နှင့် ၂၇ တို့တွင် လူထိခိုက်မှုအများဆုံးဖြစ်ခဲ့ရသည်။ ထို့အပြင် မြို့ပေါ်ရှိ အဆောက်အဦးတော်တော်များများလည်း ထိခိုက်ပျက်ဆီးခဲ့ရသည်ဟု သိရသည်။
လားရှို့မြို့ကို စစ်ကောင်စီမှ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေခြင်းသည် ပြန်လည်ရယူလိုသည့် ကြိုးစားမှုမျိုးဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတချို့နှင့် MNDAA နဲ့နီးစပ်သူတချို့က သုံးသပ်ထားကြသည်။
ယနေ့နံနက်အစောပိုင်း ၃ နာရီခွဲခန့်တွင် စစ်ကောင်စီက လားရှိုးမြို့မြို့မဈေးကြီး၊ ရပ်ကွက်(၁)နယ်မြေ၊ ရပ်ကွက် (၂) Green Park ဟိုတယ်အနီးရှိနေရာအနှံ့အပြားကို လေကြောင်းဖြင့် ပေါင် ၅၀၀၊ ပေါင် ၂၀၀ များအသုံးပြုကာ ဗုံး (၁၅) လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု လားရှိုးမြို့ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“သေတာက ယောကျာ်းလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်။ လားရှိုးမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်လာတာ ၇ ကြိမ်လောက်ရှိပြီ။ အဆောက်အဦးပျက်စီးဆုံးရှုံးမှုတွေလည်း တော်တော်တော့များတယ်” ဟု ၎င်းက ဆိုသည်။
တစ်ဖက်တွင်လည်း စစ်ခေါင်းဆောင်မှ ရွေးကောက်ပွဲကမ်းလှမ်းမှုပြုလုပ်နေပြီး မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားသည့် လားရှိုး၊ နမ့်ခမ်းနှင့် သံတွဲစသည့်မြို့များကို လေကြောင်းဖြင့် ဗုံးကြဲနေသည်။
ဓာတ်ပုံ-လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်စာမျက်နှာ။