ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၂၇၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ မုံရွာထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့်ကို မကွေးမြို့အကျဉ်းထောင်သို့ ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်တွင်ပြောင်းရွှေ့ခဲ့ပြီး ထိုအထဲတွင် မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ကိုဝေမိုးနိုင်မပါဝင်ဟု မုံရွာအကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်သည် နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မ ၁ဝ ခုကျော်နှင့် စွဲချက်တင်ခံထားရပြီး ထောင်ဒဏ် ၇၄ နှစ် ချမှတ်ခံထားရကာ လက်ရှိတွင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ လူသတ်မှုစသည့် ပုဒ်မ ၂ ခုကို ထပ်မံရင်ဆိုင်ရန် ကျန်သေးသည်ဟု သိရသည်။
“ကိုဝေမိုးနိုင်တော့ ထောင်ပြောင်းတဲ့ထဲပါမသွားဘူး။ တခြားအမှုရင်ဆိုင်စရာရှိသေးလို့ ကျန်ခဲ့တာ” ဟု ၎င်းက ဆိုသည်။
ယခုနှစ်အတွင်း မုံရွာထောင်တွင် နိုင်ကျဉ်း ၆၀၀ ဦးရေမှ ၉၀၀ အထိတိုးလာသဖြင့် ယင်းအထဲမှ နောက်ထပ်အမှုရင် ဆိုင်စရာမရှိတော့ဘဲ အမိန့်ချပြီးသည့်နိုင်ကျဉ်းများကို မြစ်ကြောင်းမှတစ်ဆင့် သင်္ဘောဖြင့် မကွေးထောင်သို့ ပို့ဆောင် လိုက်ခြင်းဖြစ်သည်။
“ထောင်အာဏာပိုင်တွေကို ပြန်ပြောတဲ့လူတွေကို အဓိကထားပြီး ထောင်ရွှေ့တာလို့လည်း ပြောလို့ရပါတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
မကွေးအကျဉ်းထောင်သည် နှစ်ရှည်ထောင်ဒဏ်ကျခံရသူများနှင့် အမိန့်ချခံပြီးသည့် အကျဉ်းသားများကိုသာထားရှိသည့် ထောင်ဖြစ်သည်ဟု နိုင်ကျဉ်းအရေးကူညီသူများထံက သိရသည်။