ထွယ်
စက်တင်ဘာ ၂၆၊ ၂၀၂၄။
မကွေးတိုင်း၊ ဆောမြို့နယ် လယ်ကြီးအိုင့်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ မှုများကြောင့် တောင်ဇလပ်စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်သားအမိနှစ်ဦး ရေထဲမျောပါ သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
သေဆုံးသွားသူ ကလေးငယ်မှာ ၃ နှစ်အရွယ်ဖြစ်ပြီး ယနေ့နံနက်က ၎င်း၏ရုပ်အလောင်းကို ပြန်ရှာတွေ့သော်လည်း မိခင်ဖြစ်သူကို ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေနေဆဲဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦး ရေထဲ မျောပါသွားတယ်။ ဆိုင်ကယ်တချို့လည်း ရေထဲ မျောပါသွားတယ်။ လယ် ကြီးအိုင်ကျေးရွာတစ်ဝက်ကျော်လည်း ရေကြီးရေလျှံမှုတွေဖြစ်နေတယ်။ မနေ့ညကိုတော်တော်လျှံနေတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ လယ်ကြီးအိုင့်ကျေးရွာတွင် ဆောနှင့် ယောမြို့နယ်မှ ဒေသခံများ စစ်ဘေးရှောင်ရင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်မှစတင်ကာ မိုးရွာနေခြင်းကြောင့် ရေဘေးကြုံတွေ့နေရသည်ဟု သိရသည်။
ဗီဒီယို- TKG