ထွယ်
စက်တင်ဘာ ၂၆၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာရှိ Lucky Men Hotel တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆက်လက်တပ်စွဲထားသဖြင့် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်- KIO ၏ ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးဦးနော်ဘူက ပြောသည်။
“တရားဝင် သူတို့ဘက်က အေးဆေးထွက်လာမယ်ဆိုရင်တော့တစ်မျိုးပေါ့။ အခုတော့ အဲလိုလည်းမဟုတ်တော့ ဝိုင်း ထားသေးတယ်။ အဲဒါကြောင့် ဗျူဟာကုန်းကသူတွေကလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ လေယာဉ်ခေါ်ပြီးလည်း ပစ်တယ်” ဟု ၎င်းက ပြောသည်။
ယမန်နေ့ကလည်း Lucky Men Hotel တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်လပ်ရေးတပ်မ တော်- KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဘက်ဖိုးနဲ့ဖြိုနေတာ၊ ဘက်ဖိုးမကောင်းလို့ပြန်လှည့်လာတာ။ စစ်ကောင်စီတပ်တွေ မထွက်သေးဘူး။ PDF တွေက ဘက်ဖိုးဘေးကနေ ကာပစ်တာ” ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားစဉ် ယင်း Lucky Men Hotel တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသော်လည်း ပျက်ဆီးမှုအခြေအနေကို မသိရသေးပေ။
ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်မှ အဆိုပါကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ဖားကန့်မြို့စစ်ကောင်စီဗျူဟာကုန်းနှင့် KIA တပ်မဟာ- ၉ တပ်ရင်း တို့အကြား လက်နက်ကြီးများ အပြန်အလှန်ပစ်ခတ်လျက်ရှိရာ ဒေသခံများ တိုက်ပွဲတိမ်းရှောင်နေရသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဗျူဟာကုန်းနှင့် ရဲစခန်းအပါအဝင် တပ်စခန်း ၆ ခုခန့်သာကျန်ရှိနေပြီး စစ်ကောင်စီတပ်မှ ၎င်းတို့ဆုံးရှုံးထားသည့် ကာကင်းစခန်းများကို ပြန်လည်ရရှိရန် စစ်ရေးလှုပ်ရှားလျက်ရှိသည်။