(နမခ စစ်ကူများမှ ဒေသခံတစ်ဦးကို သတ်ဖြတ်ကာ ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးခံ)
မောင်ဘဦး
စက်တင်ဘာ ၂၄၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကူတော်ရွာရှိ စစ်ကောင်စီရဲစခန်းကို စက်တင်ဘာ ၂၀ ရက် နံနက်အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စီးနင်းတိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီမှလေကြောင်း သုံးတိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး ရှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
“လေကြောင်းက လာပစ်တာက ထိသွားတာ၊ နှစ်ယောက် ကျတယ်၊ ရှစ်ယောက်က မစိုးရိမ်ရ ဒဏ်ရာရတယ်၊ သူတို့ဘက်လည်း အထိနာတာပဲ၊ အထိနာလို့ လေကြောင်းရော၊ ဘုတလင်ကရော စစ်ကူလာတာ”လို့ ဘုတလင်နယ် ရပ်ကျေး ပ.က.ဖ အဖွဲ့၀င်တစ်ဦးက ပြောသည်။
ကူတော်ရဲစခန်းတိုက်ပွဲအတွင်းကျဆုံးခဲ့သည့် တော်လှန်ရေးရဲဘော်များအခြေအနေများနှင့် စစ်ကောင်စီတပ်ဖွဲ့သေဆုံးမှု အခြေအနေကို အသေးစိပ်မသိရသေးပေ။
တိုက်ပွဲဖြစ်ပွားစဉ် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်- နမခ မှ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကူလွှတ်ခဲ့ပြီး အနီးနားဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။ ထို့အပြင် ကျွဲသေချောင်းရွာမှ ဦးမျိုးဦး အသက် (၅၀) နှစ် ဝန်းကျင်ကိုလည်း ပစ်သတ်ခဲ့သည်ဟု သိရသည်။
အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ဘုရားငွေ ကျပ် ၁၀ သိန်း၀န်းကျင်ကို စစ်ကောင်စီတပ်တပ်များမှ ဖောက်ထွင်းယူဆောင်ခဲ့သည်ဟု ဘုတလင်ဒေသခံတဦးမှ ပြောသည်။
“ကျွဲသေချောင်း ၀င်တာက လူသတ်သွားယုံတင် မကဘူး ဘုန်းကြီးကျောင်းက ဘုရားငွေတွေပါ ယူသွားတာ၊ တစ်ရွာလုံး အိမ်ပေါက်စေ့၀င်ပြီး အင်္ကျီ၊ ဖိနပ်အကုန်ယူတာ၊ TVတို့ ဆိုလာပြားတို့၊ တစ်အိမ်ကဆို သားအစ်မိ နှစ်ယောက်လုံး စုဘူးတွေပါသွားတာ၊ သူတို့လိုချင်တာ အကုန်ယူသွားတာပဲ” ဟု ၎င်းက ဆိုသည်။