ခင်သရဖီဦး
စက်တင်ဘာ ၂၃၊၂၀၂၄။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပေါက်တူးကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခွဲတွင် စစ်ကောင်စီမှ တိုက်ခိုက်ရေးလေယာဉ် ၁ စီးဖြင့် ဗုံးကြဲခဲ့ရာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ခဲ့ပြီး ဦးဇော်မင်းထွန်း (၃၉) နှစ်၊ ဒေါ်ခင်သူဇာခိုင် (၃၃) နှစ်နှင့် မောင်ရာဇာမင်း (၉) နှစ်တို့သေဆုံးကာ မောင်ရာဇာမင်းထွန်း (၁၅) နှစ်၊ မငွေဇင်ကျော် (၁၉) နှစ်နှင့် ဒေါ်ညိုအေး (၅၅) နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“နံနက်ပိုင်းက စစ်ကောင်စီရဲ့ဂျက်ဖိုက်တာတစ်စီးက ပေါက်တူးရွာထဲကို ဗုံးတလုံးချခဲ့တာ။ အခု သေသွားတဲ့ ကိုဇော်မင်းထွန်း အိမ်ကိုတန်းကျတာပါ။ ၃ ယောက်က အဲဒီနေရာမှာပဲသေတယ်။ ကျန်လူတွေက ဒဏ်ရာရသွားတာ” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသူများသည် နီးစပ်ရာဆေးခန်းများတွင် ဆေးကုသမှုခံယူနေကြသည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်ကလည်း ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ- APM