သံလွင်ခက်။
စက်တင်ဘာ ၂၃ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
လက်ရှိတွင် သီပေါမြို့အထွက်ရှိ စစ်ကောင်စီ ခလရ ၂၃ တပ်အနီးတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကို သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” ၂၃ တပ်က သီပေါမြို့ကနေ နမ့်မတူ၊ နမ့်ဆန် အထွက်လမ်းမှာရှိတာ မြို့နဲ့က ကပ်လျက်ပဲ။ အခု အဲ့နားမှာ တိုက်ပွဲတွေပြင်းထန်နေတာ ” ဟုဆိုသည်။
သီပေါမြို့တွင် စစ်ကောင်စီတပ်၏ ခလရ ၂၃၊ ခမရ ၅၀၂ ၊ ခမရ ၅၀၃ တပ်စခန်းများအခြေစိုက်ထားပြီး စက်တင်ဘာ ၁၄ ရက်ကစတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယနေ့ နံနက် ၈ နာရီတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ရွာသစ်ရပ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒေသခံတစ်ဦးက ” ပထမတစ်လုံးက ရွာသစ်ရပ်ကွက်အစပ်နားကျတာ၊ ဒုတိယတစ်လုံးက ရပ်ကွက်ထဲကလူနေအိမ်ကိုထိတယ်၊ နောက်ဆုံးတစ်လုံးက တရုတ်ပိုက်လိုင်းအနားကပ်ရပ်က ပြောင်းဖူးဂိုဒေါင်နားကျတာ ” ဟုဆိုသည်။
ယမန်နေ့ညကလည်း စစ်ကောင်စီတပ်က Y 12 ထောက်ပို့ လေယာဉ် နှစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ဩဂုတ်လ (၁)ရက်မှ ယနေ့ သြဂုတ်လ (၂၇)ရက်ထိ သီပေါမြိုအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား (၂၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ်(၁၀)ဦးအပါအဝင် (၅၉)နီးပါး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။
ပုံစာ – လက်နက်ကြီး ထိမှန်မှုကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်အဆောက်အဦးများ။ ( ဓာတ်ပုံ – သံလွင်ခက် )