သဇင်
စက်တင်ဘာလ ၂၃၊ ၂၀၂၄။
ကရင်နီပြည်တွင် စစ်ကောင်စီတပ်မှ လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ထားသဖြင့် မြို့နယ် ၇ မြို့နယ်မှ ရေဘေးသင့်ပြည်သူ ၃၀,၀၀၀ ကျော်ကို ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲရှိနေသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာဦးဗညားက သံလွင်ခက်ကို ပြောသည်။
“ကျွန်တော်တို့ပြည်နယ်အခြေအနေကလည်း အားလုံးနီးပါးကို စစ်ကောင်စီကကန့်သတ်ထားတာရှိသလို သွားရလာရ အခက်အခဲများကြီးကြုံတွေ့နေရတယ်။ အခြားတစ်ဘက်မှာလည်း စစ်ကောင်စီကလည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတော့ ကရင်နီပြည်နယ်ထဲကို နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ ပစ္စည်းကိရိယာနဲ့သယ်ဆောင်ပြီး ပို့လာဖို့အတွက်က ခက်ခဲပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ပထမအပတ်တွင် ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ရှားတော၊ ဘောလခဲနှင့် လွိုင်ကော်စသည့် မြို့နယ် ၇ ခုနှင့် အနီးပတ်ဝန်းကျင်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အရပ်ဘက်အဖွဲ့အ စည်းများ၊ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC မှ လူသားချင်းစာနာမှုနှင့် ပြည်လည်ထူထောင်ရေးဌာနတို့မှ မြို့နယ် အုပ်ချုပ်ရေးကောင်စီများနှင့် ပေါင်းစည်းကူညီမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။
ကရင်နီပြည် ရေကြီးရေလျှံမှု နှစ်ပတ်တာ ကာလအတွင်း အိမ်ခြေ ၄၀၀ ခန့်၊ စစ်ရှောင်စခန်း ၃၀၀ ကျော် ပျက်စီးခဲ့ပြီး ပြည် လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များစွာရှိနေသည်ဟု သိရသည်။
“ပြန်လည်တည်ဆောက်ပေးရမယ့် ပမာဏတွေက အရမ်းများတယ်။ အထူးသဖြင့် ငွေကြေးတန်ဖိုးကျဆင်းမှုနဲ့ ဈေးနှုန်းကြီး မှု၊ ပစ္စည်းရှားပါးမှု ၊ သယ်ယူပို့ဆောင်ရေးခက်ခဲမှုတွေက အဓိကစိန်ခေါ်မှုအများဆုံးပေါ့နော်။လုံခြုံရေးအရသွားရလာရခက် ခဲမှုရှိတဲ့အပြင် စစ်ကောင်စီဘက်က ပိတ်ဆို့မှုတွေကလည်း စိန်ခေါ်မှုအကြီးကြီးဖြစ်ပါတယ်” ဟု ဦးဗညားက ဆက်ပြော သည်။
ကရင်နီပြည်အတွင်း ရေကြီးရေလျှံမှုကြောင့် မြို့နယ် ၇ မြို့နယ်မှ ဒေသခံ ၂၈ ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဖွင့်လှစ်သော ဆေးသင်တန်းမှ ဆေးတပ်သား ၁၈ ဦး စုစုပေါင်း ၄၆ ဦးသေဆုံးခဲ့သည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။
__________
ပုံစာ-ကရင်နီတွင် စစ်ဘေးရှောင်များ ရေဘေးထပ်မံကြုံတွေ့နေရသည့် မြင်ကွင်း။ ဓာတ်ပုံ- ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်။