သံလွင်ခက်။
စက်တင်ဘာ ၂၃ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က တပ်စခန်းများ လက်မလွှတ်ရရေး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ခုခံလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ အမြောက်တပ် (၂၀၆)တပ်စခန်း၊ တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်း စသည့်နေရာများ၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တိုအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု TNLA က ထုတ်ပြန်သည်။
ယမန်နေ့ မနက် ၉နာရီကျော်အချိန်တွင် စစ်ကောင်စီ အမတ(၂၀၆)တပ်၌လည်းကောင်း၊ တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်နေရာတွင် ညနေ ၄ နာရီ ၄၀ မိနစ်အချိန်၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က Jet Fighter ဖြင့် (၁)ကြိမ် ဗုံး (၂)လုံး၊ မကျီးရေရွာ၊ စစ်ကောင်စီ အမတ (၃၅၄)တပ်စခန်းနှင့် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနေရာများအား Y-12 ဖြင့် (၇)ကြိမ် ဗုံး(၆၀)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်အရသိရသည်။
ထိုအပြင် နောင်ချိုမြို့ တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနေရာကိုလည်း ထောက်ပို့ယာဉ် Y8 ဖြင့် (၈)ကြိမ် လက်နက်ခဲယမ်းများ (၄၅)ထုပ် လာရောက်ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုနေ့တစ်ရက်တည်း နံနက် ၁ နာရီကျော်အချိန်တွင်လည်း စစ်ကောင်စီတပ်က Jet Fighter ဖြင့် ဖျက်အားပြင်းလက်နက်အမျိုးအစားဖြစ်သည့် ပေါင်(၅၀၀)ဗုံး လေးလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLA က ယမန်နေ့၌ ထုတ်ပြန်ထားသည်။
လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပေါင်(၅၀၀)ဗုံး လေးလုံးသည် နောင်ချိုမြို တဖန်ကုန်းရပ်ကွက်အတွင်း (၃)လုံးကျရောက်ပေါက်ကွဲခဲ့ပြီး တောအတွင်း တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။
ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တဖန်ကုန်းရပ်ကွက်ရှိ ဒေသခံပြည်သူ(၃)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၃)အိမ် ကားနှစ်စီးနှင့် ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။