ခင်သရဖီဦး
စက်တင်ဘာ ၂၂၊၂၀၂၄။
ရခိုင်ပြည်တွင် နိုင်ငံခြားဖြစ်ယမကာများနှင့် ပြည်မထုတ် အရက်၊ ဘီယာနှင့် ဝိုင်များကို ရက္ခိုင်အမျိုးသားချုပ်- ULA မှ ကန့်သတ်လိုက်ပြီး လက်ရှိ တင်သွင်းရောင်းချနေသည့် ယစ်မျိုးကုန်များကို ၃ လအတွင်း အပြီးသတ်ရောင်းချ ရန် စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် တော်လှန်ရေးကာလအတွင်း ယစ်မျိုးကုန်များကို ထပ်မံတင်သွင်းခြင်း မပြုလုပ်ကြရန်နှင့် တင်သွင်းသူများကို အရေးယူမည်ဟု ဆိုထားသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြေပုံမြို့မှ အရက်ဘီယာရောင်းချနေသည့်ကုန်သည်တစ်ဦးက “ကုန်တာကတော့ ကုန်မှာပါ။ ၃ လအတွင်းဆိုရင်ပေါ့။ နောက်ထပ်တင်ဖို့ကလည်း လမ်းကြောင်းလည်း မရှိတော့ မရောင်းတော့ပါဘူး” ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်က မြို့နယ်တချို့တွင် Grand အရက်၊ စပိုင်ဝိုင် (Spy)၊ ABC ဘီယာ၊ စစ်ကောင်စီထုတ် အဒါမန်ဂိုလ်းနှင့် မြန်မာဘီယာဗူးများ ဝယ်လိုအားကျဆင်းနေပြီး ဘီယာဗူးတို/ရှည် တစ်ဗူးလျှင် ၉,၀၀၀ ကျပ်/ ၁၇,၀၀၀ ကျပ်ခန့်ရှိသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
ULA မှ နိုင်ငံခြားဖြစ် အရက်များအပါအဝင် စစ်ကောင်စီထုတ် ဘီယာနှင့် အရက်များ ကန့်သတ်လိုက်ခြင်းကို ကြိုဆိုသည်ဟု ရခိုင်လူငယ်တစ်ခုက ပြောသည်။
“စကစ ထုတ်ကုန်တွေကို အခုလို ကန့်သတ်လိုက်တာ ပိုကောင်းပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ ရခိုင်မှာ စစ်တပ်က ထုတ်တဲ့ထုတ်ကုန်တွေ အကုန်လည်း ကင်းစင်စေချင်တယ်။ MNDAA တို့မှာဆို သူတို့ တံဆိပ်တွေနဲ့ ထုတ်ကုန်တွေရှိတယ်ပေါ့။ AA ကလည်း အဲဒီလိုမျိုး ထုတ်စေချင်တယ်” ဟု ၎င်းက ဆိုသည်။
ဓာတ်ပုံ- ပေးပို့။