သံလွင်ခက်
စက်တင်ဘာ ၂၁၊ ၂၀၂၄။
ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ဆက်တိုက်ပြုလုပ်နေသည့် မြို့ပြလူငယ်သပိတ်အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု တကသကျောင်းသားဟောင်းများအင်အားစုမှ ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်ညနေပိုင်းတွင် တကသကျောင်းသားဟောင်းများအင်အားစု၏တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်းဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသားအပါအဝင် လူငယ်သပိတ်ကော်မတီ (YSC) ၏ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC)၏အဖွဲ့ဝင်မမြမဉ္စူနှင့် နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင်တို့သည် မိသားစုနှင့် အဆက်သွယ်ပြတ်တောက်ခဲ့ပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ၎င်းတို့ ၄ ဦးအား စစ်ကောင်စီမှ ဖမ်းဆီးထားပြီး ညှင်းပန်းနှိပ်စက်မှုများဖြင့် စစ်ကြောမေးမြန်းနေခြင်းကြောင့် အသက်အန္တရာယ်နှင့် ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ရသည်ဟု ဖော်ပြထားသည်။
တကသ ကျောင်းသားဟောင်းများအင်အားစုအနေဖြင့် စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရက်တစ်လူ့ဘောင်ဖော်ဆောင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုထားသည်။
ဓာတ်ပုံ- တကသ ကျောင်းသားဟောင်းများ အင်အားစု၊ ပုံစာ- ဖမ်းဆီးခံခဲ့ရသည့် မြို့ပြသပိတ်ကော်မတီဝင် အဖွဲ့များ