သံလွင်ခက်
စက်တင်ဘာ ၂၂၊၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် လေကြောင်းဖြင့် ဗုံး၂ လုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက် ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ဗုံး ၂ လုံးကြဲချခဲ့ခြင်းကြောင့် လားရှိုးမြို့ရပ်ကွက်- ၁၊ လားရှိုးမိုတယ် အရှေ့ကားလမ်းမပေါ်နှင့် ရပ်ကွက်- ၁၂ ရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က- ၃) အနီးက နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့သည်။
လားရှိုးမြို့ဒေသခံအမျိုးသားတစ်ဦးက “ထိခိုက်မှုကတော့ နည်းနည်းပါးပါး အစမှန်တာလောက်ပဲ။ အသေးစားလောက်ပဲရှိပါတယ်။ အဲ့ဒါကလည်း တစ်ယောက်လောက်ပါပဲ။ ကျန်တာက အဆောက်အဦးပျက်စီးမှုပဲရှိတယ်” ဟု ဆိုသည်။
၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးတွင် စစ်ကောင်စီသည် လားရှိုးမြို့ကို ကိုးကန့်တပ်- MNDAA ထံ လက်လွှတ်ခဲ့ရပြီးနောက် အရပ်သားနေထိုင်ရာနေရာများကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကျူးလွန်နေပြီး ယခုတစ်ကြိမ်သည် ၄ ကြိမ်မြောက်လေကြောင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ပုံစာ- စက်တင်ဘာ ၂၂ ရက်ညက လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်မြင်ကွင်း။ ဓာတ်ပုံ- NWS