ကောင်းချစ်အောင်
စက်တင်ဘာ ၂၁၊ ၂၀၂၄။
လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုကို ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ အားနည်းကို ပြန်လည်သုံးသပ်ခဲ့ကြပုံပါပဲ။
အမှားကို ဝန်ခံလေ့မရှိဘဲ သူတစ်ပါးကို အပြစ်ပုံချတတ်တဲ့ စစ်ခေါင်းဆောင်ကိုယ်တိုင်က ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာရှုံးနိမ့်ခဲ့ရတာဟာမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့အလစ်ငိုက်တိုက်ခိုက်မှုကြောင့်နဲ့ ဒရုန်းနည်းပညာသုံးမှုကြောင့်ဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
အဲဒီနောက်ပိုင်း စစ်ကောင်စီဟာ ဒရုန်းနည်းပညာကို သေချာပြင်ဆင်လာခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဗိုလ်ချုပ်ကြီးမိုးအောင်ရဲ့ရုရှားခရီးစဉ်မှာ Orion 2 အမျိုးအစားဒရုန်းတွေကို သွားရောက်ဝယ်ယူခဲ့ပါတယ်။
အဲဒီနောက် ၆လအကြာမှာ စစ်ကောင်စီဟာ တရုတ်နိုင်ငံကိုသွားရောက်ပြီး ဒရုန်းနည်းပညာပိုင်း မြှင့်တင်နိုင်ဖို့ဆွေးနွေးလာ ပြန်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းက တရုတ်အစိုးရဟာ မြန်မာစစ်တပ်ကို စစ်ဘက်ဆိုင်ရာသုံးဒရုန်းတွေ လျှို့ဝှက်ရောင်းချနေခဲ့ပြီး အခုဆိုရင် လူသိရှင်ကြားကူညီပေးဖို့ဖြစ်လာတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယအပတ်ထဲမှာ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းဦးဆောင်တဲ့ကိုယ် စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံပေကျင်းမြို့မှာကျင်းပတဲ့ (၁၁) ကြိမ်မြောက် ပေကျင်း-ရှန်ကျန်းဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ ပေကျင်းမြို့က စက်မှုနည်းပညာဆိုင်ရာကုမ္ပဏီတွေက ထုတ်လုပ်တဲ့ဒရုန်းနဲ့ လေကြောင်းသုံးစစ်လက်နက် ပစ္စည်းတွေကို သွားရောက်လေ့လာပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့သတင်းစာတွေက ဝေဝေဆာဆာဖော်ပြကြပါတယ်။
ဒါက De facto အာဏာဆုပ်ကိုင်ထားတဲ့ စစ်ကောင်စီနဲ့ တရုတ်တို့အကြား အစိုးရချင်း (G to G) ဆက်ဆံရေးဟာ နီးကပ်မှု အလွန်ရှိတယ်ဆိုတာ မီးမောင်းထိုးပြလိုက်သလိုဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ အသုံးပြုနေတဲ့ အရပ်ဘက်သုံးဒရုန်းတွေဟာ စစ်ဘက်ဒရုန်းတွေလောက် နည်းပညာမမြင့်မားတဲ့အတွက် တရုတ်ရဲ့ နည်းပညာအထောာက်အပံ့ဟာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
အစိုးရပိုင်ကုမ္ပဏီရဲ့ လျှို့ဝှက်ထောက်ပံ့မှု
********************
၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေကြားမှာ တရုတ်ကုမ္မဏီတစ်ခုဖြစ်တဲ့ CACS ကထုတ်လုပ်တဲ့ CH-3A မောင်းသူမဲ့လေယာဉ်ဒရုန်း ၁၂ စင်းကို မြန်မာစစ်တပ်က ဝယ်ယူဖို့ကြိုးပမ်းခဲ့တယ်လို့ စတော့ဟုမ်းအခြေစိုက်နိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အင်စတီကျုက စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။
CACS ဆိုတာ တရုတ်အစိုးရထိန်းချုပ်ထားတဲ့ China Aerospace Science And Technology Cooperation ကုမ္ပဏီပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ CH-3 ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုတော့ စစ်ကောင်စီဘက်က တရားဝင်အသိပေးထားခြင်း မရှိဘဲ ၂၀၁၅ ခုနှစ်မှာ စတင်စမ်းသပ်မောင်းနှင်နေနိုင်ပြီလို့ ဆိုထားပါတယ်။
မြန်မာစစ်တပ်ကဝယ်ယူထားတဲ့ CH-3 မောင်းသူမဲ့လေယာဉ်တွေကို ရက္ခိုင့်တပ်တော်- AA နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ ကင်းထောက်အနေနဲ့ ဆက်တိုက်ဆိုသလို အသုံးပြုခဲ့တယ်လို့ စစ်ကောင်စီကဝန်ခံထားပေမယ့် ဗုံးသီးချတိုက်ခိုက်မှုမျိုးလုပ်ဆောင်ခဲ့သလားဆိုတာတော့ မသိရပါဘူး။
စစ်ကောင်စီလေတပ်ဌာနချုပ်လို့ခေါ်ဆိုနိုင်တဲ့ မိတ္တီလာမြို့၊ ရှမ်းတဲလေတပ်စခန်းမှာတိုက်လေယာဉ်တွေနဲ့အတူ CH-3 မောင်းသူမဲ့လေယာဉ်တွေကို ထားရှိထားတဲ့မြင်ကွင်းကို ဂြိုလ်တုကနေကောင်းကင်ဓာတ်ပုံရိုက်ယူနိုင်ခဲ့တာတွေလည်းရှိပါတယ်။
စစ်ကောင်စီက အာဏာသိမ်းမှုအစပိုင်းကာလ ၂၀၂၁ ခုနှစ် မတ်လအတွင်းက မြို့ပေါ်လူထုဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ ကင်းထောက်ဒရုန်းအသေးစားတွေကို အသုံးပြုခဲ့တယ်လို့ ဗြိတိသျှထောက်လှမ်းရေးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သူတို့ရဲ့အဆိုအရ အဲဒီဒရုန်းတွေဟာ CACS ကနေ ထုတ်လုပ်ထားတဲ့ စစ်ဘက်သုံးဒရုန်းတွေဖြစ်တယ်လို့ဆိုပါတယ်။ မန္တလေးမြို့မှာ ဒရုန်းတွေရဲ့ကင်းထောက်မှုကြောင့် ညဘက်အချိန် ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပါတယ်။
မကွေးတိုင်း၊ အထက်မင်းလှမြို့အနားမှာရှိတဲ့ အမှတ်- ၁၀ ကာကွယ်ရေးပစ္စည်းစက်ရုံ ကို တရုတ်နိုင်ငံကပညာရှင်တွေ ၂၀၂၃ နှစ်ဆန်းပိုင်းကတည်းကလာရောက်ခဲ့ပြီး ဒရုန်းနည်းပညာတွေစမ်းသပ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ က.ပ.စ- ၁၀ ဟာ တာဝေးပစ်နဲ့ လေယာဉ်ပစ်ဗုံးသီးတွေကို အဓိကထုတ်လုပ်တာဖြစ်ပါတယ်။
အခုနှစ်နှစ်ဆန်းပိုင်းက အာရက္ခတပ်တော်ရဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ က.ပ.စ ထုတ်ဒရုန်းဗုံးသီးတွေကို သိမ်းဆည်းနိုင်ခဲ့တာတွေ့ရပါတယ်။
ဒါ့အပြင် က.ပ.စ စက်ရုံတစ်ခုခုမှာ တရုတ်နဲ့ပူးပေါင်းပြီး CH-4 ဒရုန်းတွေကို စမ်းသပ်ထုတ်လုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် စစ်ရေးလျှို့ဝှက်ချက်တစ်ခုအနေနဲ့ ရှိနေပါတယ်။
ဧပြီလ ၁၂ ရက်ကစတင်ကာ ကရင်ပြည်နယ်၊ မြဝတီဒေသကို စစ်ကောင်စီက အောင်ဇေယျစစ်ဆင်ရေးအဖြစ်စစ်ကြောင်းထိုးရာမှာ CH-4 ဒရုန်းတွေ အသုံးပြုနေတယ်လို့ မြေပြင်တော်လှန်ရေးတပ်တွေက ဆိုလာပါတယ်။
တရုတ်ဒရုန်းတွေ ဘယ်လောက်အစွမ်းထက်သလဲ
********************
သူတို့ကုမ္မဏီက ထုတ်တဲ့ CH- 3 Series မောင်းသူမဲ့လေယာဉ်တွေဟာ ကီလိုမီတာ ၂,၀၀၀ ကျော် (၁၂၀၀ မိုင်) အကွာ အဝေးကို ပျံသန်းနိုင်တဲ့အထိ စွမ်းဆောင်ရည်မြင့်မားပါတယ်။
CH- 3 ကနေ အဆင့်မြှင့်ထားတဲ့ CH-4ဒရုန်းတွေဟာ ပေ ၂သောင်းကျော်အထက်မှာ ပျံသန်းနိုင်ပြီး ပေါင် ၃၀၀ ကျော် အလေးချိန်ကို သယ်ဆောင်နိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ဖော်ပြထားကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ရက်မှာ အရာတော်မြို့နယ်တော်လှန်ရေးတပ်တွေက စစ်ကောင်စီထောက်လှမ်းရေးဒရုန်း ၁ စင်း ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီဒရုန်းဟာ တရုတ်အခြေစိုက် AheadX ကုမ္ပဏီထုတ် QP537 အမျိုးအစားတစ်ခုဖြစ်နိုင်ပြီး စစ်ဘက်သုံးတော့ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဒါပေမယ့် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ကင်မရာ၊ အပူပုံရိပ်ဖော်စနစ်၊ ထိန်းချုပ်ရလွယ်စေတဲ့ ဆော့ဝဲလ်တွေပါဝင်လာတဲ့အတွက် အပျော်တမ်းအဆင့်မဟုတ်ဘဲ လုပ်ငန်းသုံးအဆင့်ဖြစ်တယ်လို့လည်း သိရပါတယ်။
တစ်ဖက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ အသုံးပြုနေတဲ့ တရုတ်ဒရုန်းတွေဟာ အရပ်ဘက်သုံးဒရုန်းတွေသာဖြစ်ပါတယ်။ DJI ကုမ္ပဏီထုတ်ဒရုန်းတွေကို အဓိကအသုံးပြုနေရပြီး Mavic၊ Falcon စတဲ့အမျိုးအစားအလိုက် ကင်းထောက်၊ တိုက်ခိုက်ရေးဒရုန်းတွေအဖြစ် ပြောင်းလဲအသုံးပြုနေကြပါတယ်။
ဒါပေမယ့် ယူကရိန်း-အာရှစစ်ပွဲအပါအဝင် မြန်မာနိုင်ငံတွေမှာ အရပ်ဘက်ဒရုန်းတွေကို စစ်ရေးမှာအသုံးပြုမှုတွေများလာတဲ့အတွက် DJI ကုမ္ပဏီဘက်က ပြီးခဲ့တဲ့နှစ်လယ်ပိုင်းလောက်ကတည်းက ရောင်းချမှုတွေ ပိုကန့်သတ်လာတဲ့အတွက် တော်လှန်ရေးတပ်တွေအတွက် အခက်ပိုကြုံလာနေရတာဖြစ်ပါတယ်။
စစ်ရေးဗျူဟာမှာ ဒရုန်းတိုက်ခိုက်ရေးဟာ အရေးတဲ့အခန်းကဏ္ဍမှာရှိနေတာကြောင့် စစ်ကောင်စီဟာ အင်အားကြီးနိုင်ငံတွေရဲ့အကူအညီကိုရယူနေပြီး ဒရုန်းနည်းပညာအဆင့်မြင့်တင်နေချိန် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ သာမာန်အရပ်သားသုံး ဒရုန်းတွေကို ရယူဖို့ကိုခဲရင်းနေတဲ့အခြေအနေတွေကြောင့် တိုက်ပွဲချိန်ခွင်လျှာက ပြောင်းလဲသွားမလားဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေပါ။