စကားမောင်
စက်တင်ဘာ ၂၁၊ ၂၀၂၄။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်လူထုစကားဝိုင်းအစီအစဥ်ကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
ထိုပွဲတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသူများ၏အသံများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ရန်ရည်ရွယ်၍ ရိုက်ကူး ထားသော ရုပ်သံဇာတ်လမ်းတိုများမိတ်ဆက်ခြင်း၊ ပဋိပက္ခနှင့် ဆက်နွယ်သောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ အကျိုးသက်ရောက်မှုများကို ဆွေးနွေးခြင်း စသည်များကိုပြုလုပ်ခဲ့သည်။
BWU တည်ထောင်သူနှင့် မူဝါဒရေးရာကော်မတီအဖွဲ့ဝင်ဖြစ်သည့် မိဆူးပွင့်မှ တက်ရောက်ခဲ့ပြီး မသင်ဇာရွှန်းလဲ့ရည် (Sisters 2 Sisters)၊ နန့်မေသဥ္ဇာ (The Space၊ ဇူးဇူးမေယွန်း (နိုင်ငံရေးအကျဥ်းသူများအဖွဲ့)နှင့် မဝေဝေလှိုင် (BWU အထွေထွေအတွင်းရေးမှူး ၁)တို့က စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။