(ဒေါ်ကြူကြူလှမှာ အဖွဲ့အစည်း ၁၀ ခု၏ ဂုဏ်ထူးဆောင် နယကဟုဆို)
သံလွင်ခက်
စက်တင်ဘာ ၂၁၊ ၂၀၂၄။
ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ၃ ရက်တာ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ယူရေရှားအမျိုးသမီးဖိုရမ်တွင် စစ်ခေါင်းဆောင်ဇနီးသည် ဒေါ်ကြူကြူလှမှ ဗီဒီယိုမိန့်ခွန်းပေးပို့ခဲ့သော်လည်း မြန်မာနိုင်ငံရှိအမျိုးသမီးများကို ကိုယ်စားမပြုဘဲ ကမ္ဘာ့အမျိုးသမီးများအခြေအနေကိုသာ ခြုံငုံပြောကြားခဲ့သည်။
“ယုံကြည်မှုများ တိုးမြှင့်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းအတွက် အမျိုးသမီးများကဏ္ဍ” ခေါင်းစဥ်ဖြင့် စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ ဖိုရမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရုရှားသမ္မတဗလာဒီမာပူတင်တက်ရောက်ခဲ့သည်ဟု သိရသည်။
စစ်ခေါင်းဆောင်၏ဇနီးသည်မှ ၎င်းအနေဖြင့် မြန်မာနိုင်ငံ၏အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့အပါအဝင် အဖွဲ့အစည်း ၁၀ ခု၏ ဂုဏ်ထူးဆောင် နယကအဖြစ်ဦးဆောင်ကာ ပါဝင်နေကြောင်းထည့်သွင်းပြောဆိုခဲ့သည်။
၎င်း၏မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏လူဦးရေးထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်ပြီး ကမ္ဘာအမျိုးသမီးများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်နေသည် ဆိုထားသည်။
မျက်မှောက်ခေတ်တွင် အမျိုးသမီးများသည် ရာသီဥတုပြောင်းလဲ၊ ဆင်းရဲမွဲတေမှုအပါအဝင် အမျိုးသမီးအခွင့်ရေးချိုးဖောက်မှု၊ ကုန်သွယ်ရေးပဋိပက္ခနှင့် စစ်ရေးပဋိပက္ခစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် စီမံခန့်ခွဲမှု အရည်အသွေးများတစ်နေ့တခြားလိုအပ်နေသည်ဟု ဒေါ်ကြူကြလှက ဆိုသည်။
အမျိုးသမီးများသည် ပဋိပက္ခများ၏ဒဏ်ကို ပိုမိုခံစားရသူများဖြစ်သောကြောင့် အပြန်အလှန်နားလည် ယုံကြည်ရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက် အောင်မြင်ရေးဆောင်ရွက်ရာတွင် အမျိုးသမီးထုအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ထို့အပြင် ယခုဖိုရမ်သည် ကမ္ဘာတစ်လွှားမှ အမျိုးသမီးများ၏အကျိုးစီးပွားကို မြှင့်တင်ရေးသာမကဘဲ ယုံကြည်မှုနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကိုအကောင်အထည်ဖော်နေသော အမျိုးသမီးထုကြီး၏စုပေါင်းအင်အားအတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ကြောင်း ၎င်းမှ ပြောဆိုခဲ့သည်။
ထို့ပြောဆိုချက်များတွင် မြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသည့် အမျိုးသမီးများ၏ ရေဘေးအခြေအနေ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ။
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ခွဲကျော်အတွင်း အမျိုးသမီး ၁,၁၃၂ ဦးရေ သတ်ဖြတ်ခံခဲ့ရပြီး ၅,၆၄၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ထားသည်။