သဇင်
စက်တင်ဘာ ၁၉၊ ၂၀၂၄။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ရှိ ဝက်ဖြူကုန်းနှင့် ထန်းကုန်းရွာရှိ ရေဘေးရှောင်စခန်းတွင် ယမန်နေ့ညက အစာအဆိပ်သင့်ခဲ့ပြီး ဆေးရုံရောက်ရှိခဲ့သည့် လူနာအယောက် ၈၀ ကျော်မှာ ပြန်လည်သက်သာလာပြီဟု သွားရောက်ကူညီခဲ့သူများက ပြောသည်။
“သေဆုံးတဲ့အထိတော့ တစ်ယောက်မှမဖြစ်ပါဘူး။ ညတွင်းချင်းပဲ အကုန်လုံး အဆင်ပြေသွားတယ်။ ကောင်းသွားပါတယ်။ လက်ရှိမှာ ဆေးရုံမှာ ဆေးချိတ်ထားတာ ၃-၄ ယောက်ပဲကျန်တယ်။ ဒီညနေ အကုန်ပေးဆင်းပြီး အကုန်ပြန်ကြတော့မယ် “ဟု ကူညီခဲ့သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်ညတွင် ဝက်ဖြူကုန်းနှင့် ထန်းကုန်းရွာဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းများအတွင်း လူဦးရေ ၄၀၀ နီးပါး အခန့်မသင့် အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်ပြီး လူ ၈၀ ကျော်ကို တောင် ငူဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
ယင်းလူနာများထဲတွင် ၂ နှစ် မှ ၁၂ အရွယ်ကလေးသူငယ်များနှင့် အသက် ၆၀ ကျော်များ ပါဝင်သည်ဟု သိရသည်။
“အလှူရှင်တွေက ကြာဇံကြော်ကြော်ပြီး လှူတာပေါ့နော်။ ကြာဇံကြော်ပြီး လှူတဲ့အချိန်မှာ အချဉ်တွေကိုပါ တခါတည်း ထည့်ထားတာ။ အဲ့လိုထည့်ပြီးတာနဲ့ ချပ်ချင်းတန်းဝေတာမဟုတ်ဘူး။ နေပူထဲ ထားထားလိုက်တဲ့အချိန်မှာ အချဉ်ပေါက် ပြီးတော့ အဲ့လိုဖြစ်သွားတာပေါ့”ဟု ပရဟိတလုပ်ကိုင်နေသူတစ်ဦးက ရှင်းပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက် ညပိုင်းကလည်း နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် ချောင်းခြားရွာရှိ စစ်ဘေးရှောင်စခန်းတွင်လည်း ကလေးငယ်အပါအဝင် ရေဘေးသင့်ပြည်သူ ၁၅၀ ခန့် အစာအဆိပ်သင့်မှုဖြစ်ခဲ့သေးသည်။
ပုံစာ- တောင်ငူမြို့မှ ရေဘေးသင့်ပြည်သူများ။ ဓာတ်ပုံ – ပေးပို့။