သံလွင်ခက်
စက်တင်ဘာလ ၁၉၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီပစ်ခတ်ခဲ့သည့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် အုတ်ကျင်းရပ်ကွက်၊ ဘုရားကြီးကျောင်းအတွင်းသို့ လက်နက်ကြီးဆက်တိုက်ပစ်ခတ်သဖြင့် ကျောင်းဝန်းအတွင်းနေထိုင်သူ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး၏ ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီးနှင့် ကားပေါ်တင်ဆောင်လာသည့် ကုန်ပစ္စည်းများလည်း မီးလောင်ပျက်စီးခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ပန်တိမ်တောင်ရပ်ကွက်ရှိ ဝက်ဝံစျေးအတွင်းထပ်မံ ဗုံးကြဲခဲ့သဖြင့် အသက် (၁၄) နှစ်အရွယ်ဈေးသည် အမျိုးသမီးငယ် (၁) ဦး၏လည်ပင်းတွင် ဗုံးစထိမှန်ဒဏ်ရာရခဲ့သည်။
ယင်းနောက် ည ၇ နာရီအချိန်၌ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး (၂) လုံး၊ ည ၇ နာရီခွဲခန့်တွင် Y-12 လေယာဉ်ဖြင့် ဗုံးအလုံး (၆၀) နီးပါး ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီးဗုံးအများစုသည် မြို့ပေါ် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု TNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ-စစ်ကောင်စီတပ် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများနှင့် ပျက်စီးမှုများမြင်ကွင်း။
ဓာတ်ပုံ-TNLA