မောင်ဘဦး
စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်သင်္ဘော ၉ စီးအပါအဝင် မြေပြင်စစ်ကြောင်းထိုးနေသဖြင့် ချင်းတွင်းမြစ်တစ်လျှောက်ရှိ ကျေးရွာ ၈ ရွာမှ ဒေသခံထောင်ချီ ရှောင်တိမ်းနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ ၁၉ ရက် မနက် ၁၀နာရီခွဲတွင် ချင်းတွင်းမြစ်တစ်လျှောက် စုန်ဆင်းလာသည့် စစ်သင်္ဘော ၉ စီးသည် ကနီမြို့နယ်အထက်ပိုင်းရှိ မိုးကြိုးကျေးရွာသို့ ရောက်ရှိလာပြီး ကမ်းဘေးတစ်လျှောက်ကို လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် မြေပြင်စစ်ကြောင်းထိုးခြင်းတို့ကြောင့် မိုးကြိုးကျေးရွာအပါအဝင်၊ ကနဲ၊ နတ်ကြီး၊ မုဌောတောင်၊ မုဌောမြောက်၊ သရက်ပင်၊ မအိုနှင့် အိုင်ထောင်ကျေးရွာမှ စစ်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“ရိက္ခာသယ်ပြီး အထက်ပိုင်းကိုပို့တာ စစ်သင်္ဘောတွေ စုန်-ဆန်ပြီဆိုရင် ကျွန်တော်တို့ချင်းတွင်းမြစ်ဘေးဝဲယာက ရွာတွေပြေးရတော့တာပဲ။ အာဏာသိမ်းစစ်တပ်က တပ်သားတွေက ကုန်းပေါ်ကနေလည်း ကင်းယူရင်း စစ်ကြောင်းထိုးတယ်” ဟု ကနီမြိုနယ်ရပ်ကျေး ပ.က.ဖ တစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးချိန်မှစတင်၍ နှစ်စဉ်ချင်းတွင်းမြစ်ရေကြီးတွင် စစ်ကောင်စီသည် ရိက္ခာသည်ယူလေ့ရှိပြီး ယင်းကာလအတွင်း မြစ်နဘေးကျေးရွာများကို လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် မြေပြင်စစ်ကြောင်းထိုးခြင်းများပြုလုပ်လေ့ရှိသည် ဟု သိရသည်။
ထိုသို့ စစ်ကြောင်းထိုးချိန်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးလေ့ရှိပြီး လတ်တလောတွင် နေအိမ်များမီးရှို့ဖျက်ဆီးခံရမှုအခြေအနေကို မသိရသေးဟု ဒေသခံများက ပြောသည်။
ဓာတ်ပုံ- ကနီ ပ.က.ဖ။ ပုံစာ- မြစ်ကျောင်းကို ဆန်တက်လာသည့် စစ်သင်္ဘောတချို့ကို မြင်တွေ့ရစဉ်