ခင်သရဖီဦး
စက်တင်ဘာလ ၁၉၊ ၂၀၂၄။
ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ စစ်ရှောင်စခန်းနှင့် ကျေးရွာတချို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ၂ ရက်အတွင်း ဒေသခံ ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ နှင့် ၁၆ ရက်တွင် ဆန္ဒားနှင့် ပေါက်တူးကျေးတို့ကို စစ်ကောင်စီက လက်နက်ကြီးအပါအဝင် တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဗုံးကြခဲ့သဖြင့် ပေါက်တူးကျေးရွာမှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ဆန္ဒာကျေးရွာမှ စစ်ရှောင် ၁ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပေါက်တူးကျေးရွာမှ ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၇ ဦးနှင့် ဆန္ဒားကျေးရွာရှိ စစ်ရှောင် စခန်းမှ ၃ ဦး စုစုပေါင်း ၁၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“၁၆ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်လောက်ရှိ မယ်ထင်တယ်၊ လေယာဉ်နဲ့ဗုံးလာချတာ။ ရည်ရွယ်ချက်ရှိရှိနဲ့ ပေါ့ဗျာ။ ရွာထဲကို တည့်တည့်ကျတာ၊ နေရာမှာတင် ပွဲချင်းပြီး ၂ ယောက်သေတယ်။ ၇ ယောက်က ပြင်းထန်ဒဏ်ရာရတယ်” ဟု ပေါက်တူးကျေးရွာနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်တွင် ဂွနှင့်ကျိန္တလီမြို့ကြားရှိ ကုလားပြင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ဆန္ဒားကျေးရွာသို့ပစ်ခတ်ရာ စစ်ဘေးရှောင်စာသင်ကျောင်းကို ထိမှန်ခဲ့သည်။
“စစ်ဘေးရှောင်တွေ ရှိမှန်းသိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်တာပါ။ သူတို့က နေ့ညမပြတ် ရမ်းသမ်ပစ်ခတ်နေတာပါပဲ။ အခုကတော့ စာသင်ကျောင်းမှာ စစ်ရှောင်တွေ မနေရဲတော့ဘူးလေ။ တခြားနေရာတွေကို ရွှေ့ထားရတယ်” ဟု ဂွမှ ဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဂွမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ ကျိန္တလီအနီးတွင် ထိတွေ့ တိုက်ပွဲများရှိခဲ့သော်လည်း လက်တလော တိုက်ပွဲများရပ်တန့်နေချိန် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏပြုလုပ်လျက်ရှိသည်ဟု ဒေသခံများ ထံမှသိရသည်။