သံလွင်ခက်
စက်တင်ဘာ ၁၈ ၊ ၂၀၂၄။
ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့်အလှူငွေများကို စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူ/ကယ်ပြန်ဝန်ထမ်းများက သိမ်းယူမှုများပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။
တောင်ငူမြို့ပေါ်တွင် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ၃၇ ခုဖွင့်လှစ်ထားပြီး အဆိုပါစခန်းများအား လာရောက်လှူဒါန်းသည့် အလှူငွေများကို သိမ်းယူနေခြင်းဖြစ်သည်ဟု ပရဟိတဆောင်ရွက်နေသူတစ်ဦးက သံလွင် ခက်သတင်းဌာနကို ပြောသည်။
“အခု ရေဘေးရှောင်စခန်း ၃၇ ခုရှိတယ်ဖွင့်လှစ်ထားတာ။ ဒီကောင်တွေ ဖွင့်ထားတဲ့ ၃၇ ခုမှာ အလှုငွေအမြောက်များ လှူရင် ထွေအုပ်ကနေ အကုန်သိမ်းသွားတယ်။ မနေ့ကလည်း အလှူရှင်တစ်ဦးက အမှတ် ၆ ကျောင်းမှာ ၂၅ သိန်းလာလှူတယ်။ လူကယ်ပြန်အဖွဲ့နဲ့ထွေအုပ်က သိမ်းသွားတယ်” ဟု ဆိုသည်။
ထို့အပြင် သရုပ်ဆောင် စိုးပြည့်သဇင်မှ တောင်ငူ အ.ထ.က ၂ ကျောင်းတွင် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းအ တွက် ကျပ်သိန်း၅၀ လှူဒါန်းခဲ့ရာ နောက်တစ်နေ့တွင် ထွေအုပ်ရုံးမှ ထပ်မံသိမ်းဆည်းခဲ့သည်ဟု တောင်ငူဒေသခံတစ်ဦး က ပြောသည်။
ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် အလှူငွေများကို စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများမှ သိမ်းယူ ခြင်းနှင့်ပတ်သက်၍ သံလွင်ခက်အနေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားဆဲဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်တွင်လည်း တောင်ငူမြို့ ရေဘေးသင့် ပြည်သူများကို ကူညီရန် သယ်ဆောင်လာသည့် စက်လှေများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကြားဖြတ်လုယူသွားမှုများလည်းရှိခဲ့သည်။
တောင်ငူမြို့နယ် ၅ ခုတွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၈ သောင်းကျော် ရေဘေးသင့်နေသည်ဟု စစ်ကောင်စီခန့် ပဲခူးတိုင်းအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ၎င်းလက်အောက်ခံ သတင်းမီဒီယာများကို ဖြေကြားထားသည်။
ပုံစာ- ရေဘေးသင့်ပြည်သူများကို ကူညီနေသည့် စစ်ကောင်စီအဖွဲ့ ဓာတ်ပုံ- စစ်ကောင်စီပြန်ကြားရေး