မောင်ဘဦး
စက်တင်ဘာ ၁၇၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံသောင်းချီသည် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များ၏စစ်ကြောင်းထိုးနေမှုများကြောင့် နေရပ်မပြန်နိုင်သည်မှာ လဝက်ခန့်ရှိနေပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလဆန်းမှ ကန့်ဘလူမြို့နယ်မှ မ.ဘ.သ ကိုယ်တော် ဦးဝါသဝ၏ပျူစောထီးတပ်ဖွဲ့များသည် ခင်ဦးမြို့နယ်သို့ ဝင်ရောက်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကျေးရွာ ၁၃ ရွာမှ နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ဒေသခံ ၂၀,၀၀၀ ကျော်မှာ နေရပ်မပြန်နိုင်ခြင်းဖြစ်သည်။
“လောလောဆယ် အချို့ရွာကို ပြန်ကပ်တဲ့အခြေနေရှိတယ်။ စစ်ရှောင်အရေတွက် စုစုပေါင်း ၂၀,၀၀၀ ဝန်းကျင်ရှိတယ်။ ခုချိန်ထိ နေရပ်ပြန်မကပ်ရသေးဘူး” ဟု ခင်ဦးမြို့နယ်စစ်ရှောင်အရေးကူညီနေသူ ကိုငြိမ်းကပြောသည်။
လတ်တလောတွင် ဒေသံသောင်းချီမှာ တောတောင်ထဲသို့ ရှောင်တိမ်းနေကြရပြီး မိုးတွင်းကာလ နေထိုင်စရာနှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများဖြစ်ပေါ်နေပြီး အကူအညီများလိုအပ်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်တွင် ပျူစောထီအားကောင်းသည့် မဒေါင်းလှကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့မှတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီမှ လေကြောင်းသုံးတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ကန့်ဘလူနယ်မှ ပျူစောထီးတပ်ဖွဲ့များဖြင့် အင်အားဖြည့်ကာ ကျေးရွာများသို့ စစ်ကြောင်းထိုးလျက်ရှိသည်။
စစ်ကြောင်းထိုးစဉ်ကာလအတွင်း ခင်ဦးမြို့နယ်မြောက်ဘက်ရှိ ငကြိုင်း၊ ဖန်းခါးကုန်း၊ စောကြီး၊ တဲကြီး၊ အင်ကြင်းပင်၊ သနပ်စိန်၊ ပေါက်တော၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ဂျပို့၊ ပေါက်သင့်တုံ၊ စည်ပုတ္တရာစသည့် ကျေးရွာ ၁၃ ရွာမှ နေအိမ်များမီးရှို့ဖျက်ဆီးခံခဲ့သည်။
ဓာတ်ပုံ- ခင်ဦးဒေသခံ စစ်ရှောင်တစ်ဦး