သံလွင်ခက်။
စက်တင်ဘာ ၁၇၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံတစ်ဦးသေဆုံးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယမန်နေ့တွင် ထုတ်ပြန်သည်။
စက်တင်ဘာလ ၁၆ ရက် နံနက် ၉ နာရီ မှ ၁၀ နာရီအထိ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ပြီး သီပေါမြို့ အနောက်ရပ် ရပ်ကွက်နှင့် စင်မာလာပြည်သူ့ဥယျာဥ်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရပ်ကွက်အတွင်း ဗုံးများကျရောက်ပေါက်ကွဲခဲ့သည့်အတွက် လူနေအိမ်များ ပျက်စီးခဲ့သည့်အပြင် ဒေသခံတစ်ဦး ဗုံးစမှန်သေဆုံးခဲ့ရပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကထုတ်ပြန်သည်။
စက်တင်ဘာလ ၁၅ ရက် ည ၉ နာရီကျော်အချိန်တွင် စစ်ကောင်စီ တပ်စွဲထားသည့် တပ်စခန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် သီပေါမြို့ ဇတ်စုရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲကာ နေအိမ်တစ်လုံး ပျက်စီးခဲ့သည်။