မောင်ဘဦး
စက်တင်ဘာ ၁၆၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကြာပိုင်ကျေးရွာမှ ဈေးသည်ကားတစ်စီးကို ပျူစောထီးအဖွဲ့တွေက ချောဆွဲပြီး ကားပေါ် လိုက်ပါလာသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းတွင် ကြာပိုင်ရွာမှ မြင်းမူမြို့သို့ ဈေးရောင်းဈေးဝယ်ပြုလုပ်သည့် ဒိုင်နာကုန်တင်ကားတစ်စီးကို တောပုကျေးရွာရှိ ပျူစောထီးများက အသုံးပြုခဲ့ပြီး ကားပေါ်ပါလာသည့် လူငယ် ၂ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“မြို့ပေါ်လမ်းတွေကို ပျူတွေက တက်လာကြတာ။ ကားက သူတို့အပြန်ကို ချောဆွဲခံလိုက်ရတဲ့ သဘော။ သူတို့နေတဲ့ စခန်းနားထိ ပို့ခဲ့ရတယ်။ အဲ့မှာ ကားပေါ်က ပါလာတဲ့ ကောင်လေးနှစ်ယောက်ကို ထားခဲ့လို့ဆိုပြီး ဆွဲချတယ် ပြောတယ်။ ဘာမှမဟုတ်ဘဲ ဖမ်းတယ်ဆိုကတည်းက စစ်မှုထမ်းဖို့နေမှာ” ဟု အနီးအနားကျေးရွာမှ အမျိုးသားတစ်ဦးက သံလွင် ခက်ကို ပြောသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၂၀ ဝန်းကျင်အရွယ်များဖြစ်ပြီး ယင်းကားပေါ်မှ အမျိုးသမီး ၃ ဦးနှင့် ၁၈ နှစ်မပြည့်သေးသည့် အမျိုးသားလူငယ်တစ်ဦးနှင့် ကားသမားကို လွှတ်ပေးခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံရသူများမှာ ယနေ့ညနေအထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဟု ဒေသခံများက ပြောသည်။ ယင်း လူငယ် ၂ ဦးဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ သံလွင်ခက်မှ အတည်ပြုနိုင်ရန်ကြိုးစားဆဲဖြစ်သည်။
မုံရွာမြို့နယ်ရှိ ကြာပိုင်ကျေးရွာနဲ့ တောပုရွာသည် ကပ်လျက်တည်ရှိပြီး တောပုရွာမှ ပျူစောထီးအဖွဲ့သည် အနီးဝန်းကျင် ကျေးရွာများသို့ စစ်ကြောင်းထိုးပြီး အရပ်သားများထံမှ ငွေကြေးကောက်ယူခြင်း၊ ပစ္စည်းများလုယက်ခြင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။