ထွယ်
စက်တင်ဘာ ၁၆၊ ၂၀၂၄။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့တွင် လေကြောင်းဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီတပ်သည် ယနေ့မွန်းတည့် ၁၂ ခွဲခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တစ်ကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
ထို့ပြင် နှစ်ဖက်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၄ တွင်ရှိသည့် Lucky Men Hotel ဟိုတယ်အနောက်ဘက်ခြမ်းက နေအိမ်မီးလောင်ကျွမ်းခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“Lucky Men Hotel အနောက်ဘက်က အိမ်ဝန်းလောင်တာပါ။ Lucky Men Hotel က စစ်သားတွေ တော့ ဟိုတယ်မှာ ရှိနေသေးတယ်။ အပြင်ကို ခဏထွက်လာလိုက် အခြေအနေကြည့်ပြီး ထွက်မရတော့ ပြန်ဝင်သွားလိုက်ပဲ” ဟု ပြောသည်။
ဖားကန့်မြို့ဗျူဟာကုန်းတပ်မှလည်း တိုက်ပွဲပြင်းထန်နေသည့် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာကို ယနေ့နံနက် ၄ နာရီခန့်ကတည်းက လက်နက်ကြီးများပစ်ခတ်လျက်ရှိသည်ဟု ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ယနေ့တစ်နေ့တည်းပင် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာအုပ်စုရှိ ဆန်းကြွယ်မှော်တောင်းအပြင်၊ ဖားပြင်နှင့် ဖားကန့်မြို့ ဌက်ပျောတောရပ်ကွက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ဒေသခံနှစ်ဦးသေဆုံးပြီး ၁၀ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာကို စက်တင်ဘာလ ၁၂ ရက်ကလည်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။
ဖားကန့်မြို့ ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာတွင် စက်တင်ဘာလ ၇ ရက်ကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၀ ရက်ရှိပြီဖြစ်သည်။ အဆိုပါတိုက်ပွဲကြောင့် ဒေသခံများလည်း တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်။
ပုံစာ- လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆိုင်းတောင်ကျေးရွာရှိ လူနေအိမ်များမီးလောင် ပျက်စီးခဲ့ပုံ (ပုံအဟောင်း)