ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၁၅၊ ၂၀၂၄။
ရွှေလီပေးစာနှင့်ပတ်သက်၍ မြန်မာ့သတင်းမီဒီယာများ ရေးသားဖော်ပြချက်သည် ပုံဖျက်ရေးသားခြင်းမဟုတ်ဟု မြန်မာနိုင်ငံတရုတ်သံရုံးပြောခွင့်ရပုဂ္ဂိုလ်ထုတ်ပြန်ချက်အပေါ် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ- IPCM ၏အတွင်းရေးမှူး ဦးတိုးဇော်လတ်က တုံ့ပြန်လိုက်သည်။
ယမန်နေ့က မြန်မာနိုင်ငံတရုတ်သံရုံးပြောခွင့်ရပုဂ္ဂိုလ်မှ အချို့သောမြန်မာမီဒီယာများနှင့် ပုဂ္ဂိုလ်များက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံပြည်တွင်းရေးကိုစွက်ဖက်နေသည်ဟု အကြောင်းမဲ့ပြစ်တင်မှုဖြစ်ကြောင်း မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ၎င်းတို့၏ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြခဲ့သည်။
ထိုဖော်ပြချက်တွင် ပြည်ပအင်အားစုက မြန်မာပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုအား ဆန့်ကျင်ကြောင်းအပါအဝင် တရုတ်- မြန်မာဆက်ဆံရေးကို သွေးခွဲလိုသော၊ တရုတ်နိုင်ငံအားအကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ကြောင်းရေးသားဖော်ပြခဲ့သည်။
“မီဒီယာက ဝေဖန်တာကို သူတို့နိုင်ငံက အလေ့အထမရှိသေးဘူး။ မီဒီယာတွေက ဘာမှပုံဖျက်ပြီးရေးနေတာမဟုတ်ပါဘူး။ တကယ်ဖြစ်တဲ့အဖြစ်အပျက်တွေကို စောင့်ကြည့်လေ့လာပြီးရေးနေတာပါ။ ဘာမှ မမှားပါဘူး။ နောက်လဲရေးဦးမှာပါ။ တရုတ်အနေနဲ့လဲ သူ့နိုင်ငံနဲ့မတူတာနဲ့ သူ့လိုမျိုးလိုက်ပြီးကျင့်သုံးရမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး” ဟု ဦးတိုးဇော်လတ်က ပြောသည်။
လက်ရှိအချိန်တွင် ပြည်တွင်းရှိ သတင်းမီဒီယာအချို့ကို တရုတ်နိုင်ငံမှထိန်းချုပ်နေဆဲဖြစ်ကာ လွတ်လပ်သည့် သတင်းမီဒီယာတိုက်များကိုပါ ခြိမ်းခြောက်လာသည့် သဘောရှိသည်ဟု ၎င်းက ဆက်ပြောသည်။
“ပြည်တွင်းမှာဆိုရင် ကျွန်တော်တို့စောင့်ကြည့်နေတာ။ တချို့မီဒီယာတွေကို တရုတ်ကအများကြီး ပတ် သက်နေတယ်။ အရင်က ပရင့် (သတင်းစာစောင်) ခေတ်တုန်းကလဲ တရုတ်ပြည်ရဲ့ ကောင်းကြောင်း တွေရေးဖို့ အချပ်ပိုတွေပါပါတယ်။ ပြန်ကြည့်ပါ။ ရမ်းပြောနေတာမဟုတ်ပါဘူး။ ပြည်တွင်းက မီဒီယာတွေကို လုပ်သလိုမျိုး ဒီဘက်က လွတ်လပ်တဲ့မီဒီယာတွေကိုလည်း ဝင်စွက်ဖက်ချင်နေတယ်” ဟု ၎င်းက ပြောသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA ကို တိုက်ပွဲများချက်ချင်းရပ်တန့်ရန်ပေးပို့ခဲ့သည့် ရွှေလီအကြောင်းကြားစာအပေါ် တရုတ်နိုင်ငံမှ ယနေ့အချိန်အထိ ပြန်လည်ဖြေရှင်း ထားခြင်းမရှိပေ။
ပြီးခဲ့သည့် ဩဂုတ်လ (၂၉) ရက်ရက်စွဲဖြင့် ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီမှ TNLA ကိုလိပ်မူ၍ “ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်”ဟု ရေးသားခဲ့သည်။
ယင်းစာနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ- NUCC မှ ရိုင်းပျသည့်ပေးစာဖြစ် ကြောင်းနှင့် ယင်းထုတ်ပြန်ချက်ကို ပြန်လည်ရုတ်သိမ်းပေးရန် သြဂုတ်လနောက်ဆုံးအပတ်ကတောင်း ဆိုထားခဲ့သည်။
တရုတ်ပေးစာနှင့်ပတ်သက်၍ ဖြေရှင်းဆောင်နိုင်ရန် TNLA တစ်ဖွဲ့တည်းမဟုတ်ဘဲ အားလုံးပူးပေါင်း ပါဝင်ဖို့လိုသည်ဟု TNLA က ဆိုထားသည်။
ပုံစာ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့် စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်။ ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဖေ့စ်ဘွတ်ခ်