ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၁၅၊ ၂၀၂၄။
ကရင်နီပြည်ရှိ မြို့နယ် ၅ မြို့နယ်တွင် လူဦးရေ ၃၀,၀၀၀ ဝန်းကျင် ရေဘေးကြုံနေရပြီး စစ်ရှောင်စခန်းအပါအဝင် လယ်ယာစိုက်ခင်းများနှင့် ပျိုးခင်းများပျက်ဆီးခဲ့သည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC က ယမန့်နေ့တွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးကို လွိုင်ကော်မြို့နယ်အပါအဝင် ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ရှားတောမြို့နယ်တို့တွင် ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။
လက်ရှိ လွိုင်ကော်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်နေပြီး နောက်ဆုံးရရှိထားသည့်သတင်းများအရ ဘုရားဖြူ၊ ဘုရားနီနှင့် ချောင်းစပ်နားကျေးရွာများတွင် ရေကြီးရေလျှံနေပြီး နေအိမ်များနစ်မြုပ်နေသည်ဟု လွိုင်ကော်မြို့ပရဟိတလုပ်ကိုင်နေသည့် ကိုမိုးကသံလွင်ခက်ကို ပြောသည်။
“လွိုင်ကော်မှာ ဘာဖုန်းလိုင်းမှမရှိဘူး။ ရွှေတောင်၊ ရှမ်းပိုင်၊ ဒေါနိုးကူး၊ ချိကယ်၊ ဒေါတမ၊ ရေနီကန်၊ သတ္တဗလူချောင်းနံဘေးစပ်တွေ အကုန်လုံးမြုပ်နေပြီ” ဟု ၎င်းက ဆိုသည်။
လွိုင်ကော် ရေဘေးရှောင်ပြည်သူများအနေဖြင့် မဇ္ဇျိမဂုဏ်ရည် စာသင်တိုက်၊ ရတနာသီရိစာသင်တိုက်၊ ရွှေ လက်ဝါးစာသင်တိုက်၊ ဂူကျောင်း၊ ဘေးမခကျောင်းတို့တွင် တိမ်းရှောင်နေထိုင်လျက်ရှိသည်ဟု သိရသည်။
IEC ၏ထုတ်ပြန်ချက်အရ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီမှ မိုးဗြဲရေကာတာ ရေထပ်မံလွှတ်ချသဖြင့် ကျေးရွာ ၃ ရွာနှင့် စစ်ရှောင်စခန်း ၁ ခု ရှိ လူဦးရေ ၅,၀၀၀ ခန့် ရေဘေးကြုံတွေ့နေရပြီး လယ်ဧက ၃,၀၀၀ ကျော် ရေလွှမ်းပျက်ဆီးခဲ့ရသည်ဟု ဖော်ပြထားသည်။
ဖယ်ခုံမြို့နယ်တွင် စစ်ကြီးရေလျှံမှုကြောင့် စစ်ရှောင်စခန်း ၃ ခုအပါအဝင် လူဦးရေ ၂၆၀၀ ကျော် ရေဘေး သင့်နေပြီး တိကျိတ်ကျေးရွာမှ ဒေသခံ ၃ ဦးသည် တောင်ကျရေစီးဆင်းမှုကြောင့် မြေပြို၍ သေဆုံးခဲ့ရပြီး နေအိမ် ၂၅ လုံးလည်း ပျက်စီးခဲ့ရသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ဒီးမော့ဆိုမြို့နယ်တွင် စစ်ရှောင်စခန်း ၇ ခု ရေလွှမ်းမိုးခံရပြီး ကျေးရွာနေပြည်သူများအပါအဝင် လူဦးရေ ၁၀,၀၀၀ ကျော်မှာ ရေဘေးသင့်ခဲ့ရပြီး စပါးစိုက်ခင်း ဧက ၁,၀၀၀ ကျော် ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။
ဖရူဆိုမြို့နယ်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်ခြေ ၃၀ နှင့် လူဦးရေ ၂၀၀ ခန့် အရေးပေါ် ရွေ့ပြောင်းခဲ့ရပြီး ရေကြီးမြေပြိုမှုများကြောင့် စစ်ရှောင်များအပါအဝင် ဒေသခံ ၁၀,၀၀၀ ဝန်းကျင်မှာ ရေဘေးသင့်ခဲ့ရသည်ဟု ဆိုထားသည်။
ထို့အပြင် ရှားတော်မြို့နယ်အတွင်းက စူးဖဲလော့၊ နော်ပလု၊ ပွန်းချောင်းကျေးရွာများနှင့် စစ်ရှောင်စခန်း ၁ ခုတို့ ရေလွှမ်းမိုးခံခဲ့ရပြီး လူဦးရေ ၁,၃၃၅ ရေဘေးကြုံခဲ့ရသည်ဟု IEC က ထုတ်ပြန်ထားသည်။
လက်တလော ရေဘေးနှင့်မြေပြိုမှုကြောင့် လူဦးရေ ၂၈,၉၃၅ ဦးသည် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်သည့် ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ အဝတ်အထည်၊ အမျိုးသမီးအသုံးအဆောင်များနှင့် သောက်ရေသန့်များလိုအပ်နေသည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် အရေးပေါ်တဲဆောက်နေထိုင်ရန် ဝါး၊ မိုးကာ နှင့် သွပ်ကြိုးများလိုအပ်နေသည်ဟု ဆိုထားသည်။
ဓာတ်ပုံ- ကိုမိုးဝင်းထွဋ်၏ဖေ့စ်ဘွတ်။