မောင်ဘဦး
စက်တင်ဘာ ၁၂၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ပုသိမ်- မုံရွာလမ်းဘေးရှိ ခရိုင်ရဲတပ်ရင်း ၂၈ အနီးဝန်းကျင်တွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများမှ ဒေသခံ ၁၁ ဦးကို စစ်ကောင်စီရဲတပ်ရင်းက အကြောင်းမဲ့ဖမ်းဆီးသွားသည်ဟု ပ.က.ဖ အဖွဲ့ဝင်တစ်ဦးထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ခရိုင်ရဲတပ်ရင်း (၂၈) နှင့် လက်ပံတောင်းတောင်စီမံကိန်းမှ တပ်သားများသည် မြောက်ယမားတံတားနှင့် ကံကုန်းရွာတို့တွင် လုံခြုံရေးကင်းအသီးသီးယူခဲ့ကြသည်။
ထို့နောက် ရဲတပ်ရင်း ၂၈ မှ ၎င်းတို့အနီး တွင်ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်၊ အရက်ဆိုင်၊ ဆီစက်၊ လေထိုးဆိုင်တို့မှ ဆိုင်ရှင်လင်မယား (၈) ဦး၊ အလုပ်သမား ၁ ဦးနှင့် သုံးဘီးဆိုင်ကယ်လေဖြည့်သည့် လူငယ် (၂) ဦးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ဘာအတွက် ကင်းယူတယ်ဆိုတာတော့မသိရဘူး။ ဝမ်ဘောင်ကုမ္မဏီက ကြေးပြားသယ်ဖို့လား ဒါမှမဟုတ် ရိက္ခာသယ်ဖို့လားအတိကျမပြောနိုင်ဘူး။ ညနေ (၅း၀၀) နာရီ အချိန်ဖြစ်မယ်တူတယ်။ ရဲတပ်ရင်းနားက ဆိုင်တွေက လူတွေကို ဝင်ဆွဲသွားတာ” ဟု တိုက်နယ် (၂) ပကဖအဖွဲ့ဝင်တဦးက ပြောသည်။
ဖမ်းဆီးခံရသူသည်များကို ရဲတပ်ရင်း (၂၈) ထဲတွင် ယခုအချိန်အထိ ထိန်းသိမ်းထားဆဲဖြစ်ကာ ယင်းမာပင်မြို့နယ်ထဲမှ ကျေးစာကျ၊ ပေကုန်းရွာနှင့် ဆားလင်းကြီးမြို့နယ်ထဲမှ ဂုဏ်တော၊ ဒုန်းတောရွာမှ ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရသည်။
ပုံ- ပုသိမ်- မုံရွာလမ်းဘေးရှိ ခရိုင်ရဲတပ်ရင်း ၂၈