ထွယ်
စက်တင်ဘာ ၁၂၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေသဖြင့် လူနေအိမ်များမီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးနှင့် ရှေ့တန်းရဲဘော်ထံကသိရသည်။
ယနေ့နံနက်ပိုင်းတွင် ဆိုင်းတောင်နယ်မြေခံရဲစခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် နေ့လည် ၁ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ် ၂ စီးဖြင့် ဗုံး ၄ လုံးကြဲခဲ့ခြင်းဖြစ်သည်။
“လက်နက်ကြီးနဲ့ပစ်လို့ မီးလောင်နေတဲ့ချိန် ဂျက်နဲ့လာပစ်တာ ခုဏပစ်တာဆို နှစ်စီး ၄ လုံးချသွားတာ” ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နံနက်အစောပိုင်းက ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲများပြင်းထန်နေခဲ့သဖြင့် ဒေသခံများမှာ ဘေးလွှတ်ရာသို့ အလံဖြူထောင်ကာ တိမ်းရှောင်လျက်ရှိသည်ဟု ဒေသခံအမျိုးသားက ပြောသည်။
လက်ရှိတွင် ဒေသခံတချို့မှာ ဝှေခါ၊ နမ့်မဖြစ်ကျေးရွာနှင့် ဖားကန့်မြို့ရှိ ဘုရားကျောင်းများတွင် တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်ဟု သိရသည်။
ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ပြတ်တောက်နေခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများနှင့် တိုက်ရိုက်ဆက်သွယ်ရန် ခက်ခဲလျက်ရှိပြီး သံလွင်ခက်အနေဖြင့် ဆက်သွယ်ရန်ကြိုးစားနေဆဲဖြစ်သည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ဆိပ်မူကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၁၀,၀၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀,၀၀၀ ကျော်နေထိုင်သည့် ကျေးရွာအုပ်စုဖြစ်သည်။