ခင်သရဖီဦး
စက်တင်ဘာ ၁၂၊ ၂၀၂၄။
ရခိုင်ပြည်၊ ဂွမြို့နယ် ကျိန္တလီမြို့ဝန်းကျင် ဂန့်ဂေါ်တောင်ကျေးရွာက ချင်းလူငယ် ၃ ဦးကို စစ်ကောင်စီက မနေ့ကဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ ကျိန္တလီမြို့အနီးတွင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင် AA ထိုးစစ်ကို ကုလားပြင်နှင့် ဂန့်ဂေါ်တောင်ဆည်အနီးရှိ စစ်ကြောင်းတို့ပူးပေါင်းပြီး ဂန့်ဂေါ်ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေသည်။
“ဂန့်ဂေါ်ရွာက လူငယ်ပိုင်းတွေကို အဲဒီစစ်ကြောင်းတွေက ဝင်ဖမ်းတာတွေ ရှိတယ်။ မနေ့က အဖမ်းခံရတာ ၃ ယောက်လောက်ရှိတယ်လို့ သိရတယ်။ အတိအကျတော့ ပြောဖို့ခက်တယ်” ဟု ဂွဒေသခံတစ်ဦးက ပြောသည်။
ထို့သို့ဖမ်းဆီးနေခြင်းကြောင့် အနီးနားရှိဒေသခံများလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရသည်ဟု သိရသည်။
ဖမ်းဆီးခံရသူများအခြေအနေနဲ့ပတ်သက်၍ သံလွင်ခက်မှ အတည်ပြုနိုင်ရန် ကြိုးစားနေသည်။
လတ်တလောတွင် AA နှင့် စစ်ကောင်စီတပ်တို့အကြား ဂန့်ဂေါ်တောင်ဆည်အနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု အထက်ပါဂွဒေသခံက ပြောသည်။ ။
“တိုက်ပွဲကနေ့တိုင်းရှိတယ်။ လက်နက်ကြီးစခန်းတွေက လှမ်းပစ်တယ်။ ပစ်လိုက်ရပ်လိုက်နဲ့။ အရင်နေ့ တွေက လေကြောင်းကပစ်တာတွေရှိတယ်။ ဒီနေ့တော့ လေယာဥ်ကမရှိသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်ရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ ရမ်းဗြဲစသည့် မြို့ ၁၀ မြို့ကို AA က သိမ်းပိုက်ထားသည်။
ပုံစာ- ဂန့်ဂေါ်တောင်ဆည် Google earth pro မြင်ကွင်း