ခင်သရဖီဦး
စက်တင်ဘာ ၁၀၊၂၀၂၄။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် မီးဖိုချောင်သုံးပစ္စည်းတစ်ခုဖြစ်သည့် ဒန်အိုးများဈေးမြင့်တက်လာခြင်းကြောင့် မြေ အိုးကို ချက်ပြုတ်ရာတွင် အသုံးပြုသူများပြားလာကာ အရောင်းသွက်ဖြစ်နေသည်ဟု မြေအိုးဆိုင်များမှ သိရသည်။
ယခင်က ၂၀ ကျပ်သား ဝင်ဆံ့သည့် ဒန်အိုးတစ်လုံးလျှင် ၆,၀၀၀ ကျပ်ရှိခဲ့ရာ ယခုတွင် ၃၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
“အခုက ဒန်းအိုးတွေက စျေးအဆမတန်မြင့်လာတော့ လူတွေကမြေအိုးပိုဝယ်လာကြတာပေါ့။ မြေပုံက ဒေသခံတွေရော တခြားနေရာတွေကလည်း ဝယ်တဲ့လူများလာတယ်။ အရင်ကထက် နည်းနည်းပိုအရောင်းသွက်တာပေါ့” ဟု မြေပုံ မြို့မှ ဆိုင်ရှင်မတစ်ဦးက ပြောသည်။
ထို့သို့ မြေအိုးများအရောင်းသွက်နေသဖြင့် ယခင် ၅၀၀ တန် မြေအိုးတစ်လုံးမှာ ယခုတွင် ၁,၅၀၀ ကျပ်ခန့်ဖြစ်နေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
“မြေအိုးနဲ့ချက်ရတာပိုပြီး အရသာလည်းကောင်းတယ်။ အိုးစျေးကလည်း သင့်တယ်။ သွပ်အိုး (ဒန်အိုး) တွေက စျေးက လည်း တအားကြီးသွားပြီ။ အိုးတလုံးကို ၃-၄ သောင်းပေးရတယ်” ဟု စစ်တွေဒေသခံစစ်ဘေးရှောင် အိမ်ရှင်မတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီက ရခိုင်ပြည်နှင့် တခြားပြည်နယ်သို့ ကုန်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ခဲ့သဖြင့် လူသုံးကုန်ပစ္စည်းများမှာ အဆမတန်ဈေးမြင့်တက်လျက်ရှိသည်။
ဓာတ်ပုံ-ကုန်စုံဆိုင်ရှေ့တွင် ရောင်းချနေသည့် မြေအိုးအရွယ်စုံကိုတွေ့ရစဉ်