(အကြမ်းဖက်အဖွဲ့ ARSA၊ RSO များအပါအဝင် ALP ပါတီနှင့် ဆက်စပ်သူများသေဆုံး)
သံလွင်ခက်
စက်တင်ဘာလ ၁၀၊ ၂၀၂၄ ။
ရခိုင်ပြည်၊ မောင်တောမြို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (နခခ-၂) စခန်းကို ယမန်နေ့ည ၉ နာရီခန့်တွင် စစ်ကောင်စီမှ ဂျက် တိုက်လေယာဉ်နှစ်စီးဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အကျဉ်းသား ၅၀ ကျော်သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု အာရက္ခတပ်တော်- AA က ထုတ်ပြန်ခဲ့သည်။
သေဆုံးသူများတွင် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ ARSA၊ RSO အကြမ်းဖက်မူ ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်းလက်နက်ကိုင်များ၊ စစ်ကောင်စီသတင်းပေးများ၊ ALP နှင့် ဆက်စပ်နေသောသူများနှင့် သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့ပါဝင်သည်ဟု AA က ရုပ်သံဗီဒီယိုဖိုင်ဖြင့် ထုတ်ပြန်ထားသည်။
အဆိုပါဗီဒီယိုတွင် ပြိုကျပျက်ဆီးနေသည့် အုတ်ပုံများကြားတွင် သေဆုံးသူများနှင့် သွေးထွက်သံယိုရရှိကာ ထိခိုက်သူများကိုတွေ့ရသည်။ ဗုံးဒဏ်ကြောင့် အသက်အန္တရာယ်စိုးရိမ်ရသူများလည်း ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။
ထို့အပြင် ည (၈) နာရီခွဲတွင်လည်း မောင်တောမြို့ (၃) မိုင်နှင့် ဝေသာလီရွာအတွင်းရှိ UN အဆောက်အအုံတို့ကိုလည်း စစ်ကောင်စီမှ ဂျက်လေယာဉ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
ဖက်စစ်ကောင်စီတိုက်ခိုက်ခဲ့သည့် စခန်းသည် ၎င်းတို့၏စခန်းဟောင်းဖြစ်ပြီး AA မှ ပြီးခဲ့သည့် ဇူလိုင်လ (၆) ရက် တွင် အပြီးသတ်သိမ်းပိုက်ရရှိထားသော စခန်းတစ်ခုဖြစ်သည်။
ယခုလ စက်တင်ဘာ ၈ ရက်နှင့် ၉ ရက် အတွင်း ရခိုင်တွင် စစ်ကောင်စီလက်ချက်ကြောင့် စစ်သုံ့ပန်းလူနာများအပါအဝင် (၇၀) နီးပါးသေဆုံးခဲ့သည်။
ဓာတ်ပုံ- AA Info Desk