သံလွင်ခက်
စက်တင်ဘာလ ၉၊ ၂၀၂၄။
ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများဆေးကုသဆောင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သုံ့ပန်းအရာရှိတချို့အပါအဝင် လူနာ ၁၇ သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု AA က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်ညနေပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ယင်းဆေးကုသဆောင်ကို ၂ ကြိမ်ဗုံးကြဲခဲ့ခြင်းကြောင့် ဆေးကုသရန်လိုအပ်နေသည့် သုံ့ပန်းအရာရှိတချို့အပါအဝင် သတင်းပေးဟု သံသယဖြင့် ဖမ်းဆီးခံရသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့၊ အကျဉ်းစခန်းထိန်းသိမ်းရေးဝန်ထမ်းတချို့နှင့် အနီးဝန်းကျင်က ကလေးတချို့နှင့် အရပ်သားတချို့ သေဆုံးထိခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
စက်တင်ဘာလ (၆) ရက်နေ့တွင်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏အမှတ် (၁၂) ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့မှ ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားနေအိမ်အချို့ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။
နိုင်ငံတစ်ဝှမ်းရှိ အရပ်သားများကို စစ်ကောင်စီမှ ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းကြောင့် ပေါက်တောဒေသခံများလည်း လေကြောင်းအန္တရာယ်စိုးရိမ်နေကြရသည်။