(ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းမှာ စစ်ကောင်စီလေယာဉ်ကြောင့် လူ ၂၀ သေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာ)
ခင်သရဖီဦး
စက်တင်ဘာလ ၉ ၊ ၂၀၂၄။
ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ကောင်စီလေယာဉ်အပါအဝင် ဒရုန်းများ နေ့စဉ် ကင်းထောက်လှမ်းခြင်းများပြုလုပ်နေသဖြင့် လေကြောင်းအန္တရာယ်စိုးရိမ်နေကြရသည်ဟု ဒေသခံများထံက သိရသည်။
ယခုရက်တ္တပတ်အတွင်း စစ်ခေါင်းဆောင်မှ တော်လှန်ရေးတပ်များသိမ်းပိုက်ထားသည့် မြို့များကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ပြောဆိုခဲ့ပြီးနောက် ကရင်နီနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားဗုံးကြဲခဲ့ခြင်းကြောင့် လူ ၃၀ ထက်မနည်းဆုံးခဲ့ရသည်။
“လေယာဉ် မလာတဲ့နေ့က တရက်မှလည်း မရှိဘူး။ နေ့တိုင်းလာတာရှိတယ်။ သူတို့ ချချင်တဲ့နေ့တွေကို ချမှာပဲပေါ့။ အခုက တရားဝင်ဆိုသလိုမျိုး နေ့တိုင်းပစ်မယ်ဆိုပြီး ကြေညာတော့ ကြောက်တာပေါ့။ အခုက နေရာတော်တော်များများမှာ ဒေသခံတွေက ကိုယ့်အိမ်မှာကို နေနေကြပြီးဆိုတော့လေ” ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
ယမန့်နေ့ စက်တင်ဘာလ ၈ ရက်နံနက် ၆ နာရီတွင် စစ်ကောင်စီက ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်း၊ ရှင်ရွာရှိ AA ၏ ဆေးကုသရေးစင်တာအား ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် လူပေါင်း ၂၀ ခန့် သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု AA ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုထားသည်။
ယင်းအထဲတွင် စစ်သုံ့ပန်းအရာရှိကြီးများအပါအဝင် စစ်သုံ့ပန်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အနီးဝန်းကျင်မှ ဒေသခံများနှင့် ကလေးငယ်များပါဝင်သည်ဟု ၎င်းက ဆက်ပြောထားသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ထပ်မံသိရှိရန် သံလွင်ခက်မှ ဦးခိုင်သုခကို ဆက်သွယ်ထားသော်လည်း အကြောင်းမပြန်သေးပေ။
ပေါက်တော ဒေသခံအမျိုးသမီးတစ်ဦးကလည်း “လေယာဉ်နဲ့ ဗုံးလာချမှာကို အရမ်းကြောက်တာပေါ့။ တိုက်ပွဲဖြစ်တာက ရှောင်လို့ရသေးတယ်၊ အခုက အိပ်နေရင် လာချမှာလားဆိုပြီး ကြောက်နေရတယ်။ ညဆိုလည်း အိပ်မပျော်ဘူး။ နေ့တိုင်းလိုလို ဒရုန်းတွေ ဝဲတယ်” ဟု ပြောသည်။
ထို့အပြင် မောင်တော၊ သံတွဲ၊ ကျောက်ဖြူတို့တွင်လည်း စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအား ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် လူထိခိုက်သေဆုံးမှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ- လားရှိုးမြို့ပြန်လည်ထူထောင်ရေး။ ပုံစာ- ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ လားရှိုးမြို့နှစ်နေရာကို ဗုံးကြဲခံရပြီးနောက်မြင်ကွင်း