သံလွင်ခက်။
စက်တင်ဘာ ၈ ၊ ၂၀၂၄။
ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ နံနက်ပိုင်းတွင်း စစ်ကောင်စီတပ်က လားရှိုးမြို့တွင်းနှစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက “ ၂ နေရာလုပ်သွားတာ။ ရပ်ကွက် ၁၂ ထဲနဲ့ အားကစားကွင်းကိုပါ “ ဟုဆိုသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးတချို့ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်တွင်လည်း လားရှိုးမြို့ ရပ်ကွက် ၉ ရှိ အမှတ် ၈ အခြေခံပညာ အထက်တန်းကျောင်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကျောင်းအဆောက်အဦးအများအပြားပျက်စီးခဲ့ပြီး နေအိမ် ၁ လုံးလည်းပျက်စီးခဲ့သည်ဟု MNDAA ကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ယခု ရက်ပိုင်းအတွင်း ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်မည်ဟု ကြွေးကြော်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်က ရှမ်းမြောက်ဒေသ၊ ကရင်နီနှင့် အညာဒေသများတွင် အရပ်သားများနေထိုင်သည့် မြို့များ၊ ကျေးရွာများနှင့်စစ်ဘေးရှောင်စခန်းများကို နေ့စဉ်ရက်ဆက်လေကြောင်းဖြင့် ဗုံးကြဲမှုများ လုပ်ဆောင်လျက်ရှိသည်။
ယမန့်နေ့တွင် နမ့်ခမ်းမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၁၃ ဦးသေဆုံးပြီး မကွေးတိုင်း မြိုင်မြို့နယ်က လက်ယက်ရွာမစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ရသည်။
ထိုပြင် ထိုနေ့တစ်ရက်တည်းမှာပင် ကရင်နီ၊ ဖယ်ခုံမြို့နယ်ရှိ လအိ – ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်ဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၁၀ ဦး သေဆုံးခဲ့သည်။
ထိုကဲ့သို့ စစ်ကောင်စီ၏ အရပ်သားများအပေါ် လူသားမဆန်စွာလုပ်ရပ်များကို နိုင်ငံတကာအသိုင်းအဝိုင်းက အမှန်တကယ်ထိရောက်သည့် ဥပဒေပြဌာန်းရန်လိုအပ်ပြီး လူ့အခွင့်အရေးကို အကာကွယ်ပေးသင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက တိုက်တွန်းထားသည်။