သံလွင်ခက်။
စက်တင်ဘာ ၈ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သဲခေါ်ရွာ၊ မကျီးရေရွာ စစ်ကောင်စီ အမြောက်တပ်(၃၅၄)တပ်စခန်းနေရာများတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု TNLA က ယမန့်နေ့၌ ထုတ်ပြန်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြိုနယ် ကျောက်ဂူမှ နောင်ချိုမြိုနယ်အတွင်းသို စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနေရာကို စစ်ကောင်စီမှ Y-12 ဖြင့် (၇)ကြိမ် ဗုံး(၃၈)လုံး၊ မကျီးရေရွာအား ဂျက်ဖိုက်တာ ဖြင့် (၂) ကြိမ်၊ စစ်ကောင်စီအမြောက်တပ် (၃၅၄) တပ်စခန်းနေရာအား Y12 ဖြင့် (၁၂) ကြိမ် ဗုံး (၆၀) လုံးလာရောက်ကြဲချခဲ့သည်ဟု TNLA ၏ထုတ်ပြန်ချက်အရသိရသည်။
တောင်ခမ်းကျေးရွာတွင် စစ်ကောင်စီတပ်၏ (၉၀၂) တပ်စခန်း၊ (၃၅၄) တပ်စခန်း၊ (၄၀၆) တပ်စခန်းနှင့် (၂၀၆) တပ်စခန်းတို့ရှိပြီး ယင်းထဲမှ အမြောက်တပ်စခန်း (၂)ခု ဖြစ်သည့် အမတ (၄၀၆)နှင့် အမှတ် (၂၀၆) တို့ကို သြဂုတ်လ (၂၈) ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။