သံလွင်ခက်။
စက်တင်ဘာ ၈ ၊ ၂၀၂၄။
တောင်ပိုင်းစစ်ဒေသနယ်မြေဖြစ်သည့် ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ဖြူးမြို့နယ်နှင့် သထုံမြို့နယ်များတွင် ပြီးခဲ့သည့် ၇ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် ဒေသခံ ၃ ဦးသေဆုံးခဲ့ကာ ကလေးငယ် ၃ ဦး အပါအဝင် ၁၈ ဦးဒဏ်ရာရခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့၌ သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်း၏လက်ဝေခံအဖွဲ့များ၏ လုပ်ရပ်များကြောင့် ပြီးခဲ့သည့် ၇ ရက်တာ ကာလအတွင်း ဒေသခံ ( ၃ )ဦး ထိခိုက်သေဆုံးခဲ့ရပြီး၊ ကလေးငယ်(၃)ဦးနှင့် အသက် ၁၃နှစ်အရွယ် မချစ်စံပယ်အပါအဝင် ( ၁၈ ) ဦး ဒဏ်ရာရရှိခဲ့ရကာ၊ ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးရေ (၉၁) ဦးထိရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၇ ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ရေတာရှည်မြို့နယ်၊ လုံးရန်းအုပ်စု၊ ကျွဲကောပင်ရွာနေ အသက်(၂၂)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ ဖြူးမြို့နယ် လေးအိမ်စုရွာရှိ အမျိုးသမီးတစ်ဦး စုစုပေါင်း ၂ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရပြီး၊ သထုံမြို့နယ်၊ လစ်ဟင်းရွာတွင် စစ်ကောင်စီတပ်ဖွဲ့များက အရပ်သားလူငယ် ၂ ဦးကို မသင်္ကာသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၁ ဦးပွဲချင်းပြီးသေဆုံးခဲ့ရခြင်းဖြစ်သည်ဟု တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ပြည်သူများ လုပ်ကိုင်စားသောက်ရာ ဥယဉ်ခြံများအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ကာ မြေမြှုပ်မိုင်းများထောင်ထားခဲ့ခြင်းများကြောင့် မိုင်းနင်းမိသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသည်ဟု တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ချက်အရသိရသည်။
ပုံစာ – မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရခဲ့သော ပြည်သူတစ်ဦး ( ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ )။