သံလွင်ခက်။
စက်တင်ဘာ ၈၊ ၂၀၂၄။
မန္တလေးတိုင်း၊ မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာတချို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ နံနက် ၁ နာရီကျော်အချိန်တွင် မြင်းခြံမြို့နယ် ပျားကျေးရွာနှင့် နွားထိုးကြီးမြို့နယ် ဆူးရစ်ကုန်းကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု Myingyan Black Tiger ( MBT ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ သုံးကြိမ်လာပြီးတော့ ဗုံးကြဲသွားတာ။ တံတားဦးတက်တဲ့လေယာဉ်ကနေ ပျားရွာကို တစ်လုံးကြဲသွားတယ်။ ပြီးတော့ မြင်းခြံ တောင်သာဘက်ကနေပြီ ဝိုက်ပြီးတော့ နွားထိုးဘက်မှာပြန်ပြီး ထပ်ကြဲတယ် “ ဟုဆိုသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ်တချို့ ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်များက ဩဂုတ် ပထမအပတ်မှ စတင်ကာ MDSO မြင်းခြံခရိုင်အထူး စစ်ဆင်ရေး စတင်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်။
လက်ရှိအချိန်ထိ တော်လှန်ရေးပူးပေါင်းတပ်များက မြင်းခြံ – နွားထိုးကြီးလမ်းပိုင်းအား ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်နိုင်ခြင်းမရှိသေးဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။