ထွယ်
စက်တင်ဘာ ၈၊ ၂၀၂၄။
စစ်ရေး ရှုံးနိမ့်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့ကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ဝန်းသိုမြို့မှ ပင်လည်ဘူးမြို့သို့ စက်တင်ဘာ ၆ ရက်ကတည်းက စစ်ကြောင်း ၃ ခုခွဲကာ စစ်ကြောင်းထိုးလျက်ရှိသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ပင်လည်ဘူးမြို့အနီးသို့ လေကြောင်းဖြင့်လည်း အင်အားဖြည့်တင်းလျက်ရှိသည်ဟုဝန်းသိုကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စစ်ကြောင်းထိုးနေတာ ၃ ရက်လောက်ရှိပြီ။ အခုက ပင်လည်ဘူးနား ရောက်တော့မှာလို့ ကြားတယ်။ ပင်လည်ဘူးနားကို လေယာဉ်နဲ့လာချတာလည်း မနေ့ကတင် ၃ ခါရှိပြီ” ဟု ၎င်းက ပြောသည်။
ဝန်းသိုနယ်မှ ထွက်ခွာသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ဝန်းသိုနှင့် ပင်လည်ဘူးနယ်စပ် ပင်လည်ဘူးမြို့၏ အရှေ့တောင်ပိုင်း ခတက်ကျေးရွာနှင့် ဝဲလာကျေးရွာသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပင်လည်ဘူးမြို့တွင် ဩဂုတ်လ ၁၅ ရက်ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် – KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ရုံသာမက ရဟတ်ယာဉ်များဖြင့်လည်း စစ်အင်အားများ တိုးချဲ့လျက်ရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်က ရဟတ်ယာဉ်ဖြင့် စစ်ကူချခဲ့သည့် စစ်ကောင်စီအင်အား ၁၀၀ ခန့်သည် စက်တင်ဘာလ ၄ ရက်ညပိုင်းတွင် အရာရှိ ၃ ဦးအပါအဝင် တပ်သား ၈၁ ယောက်သည် KIA နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်တို့ထံ လက်နက်ချခဲ့သည်ဟုလည်း ပင်လည်ဘူးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် အခြားကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောဆိုထားသည်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ ( ပုံ – အဟောင်း )