ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၉၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ယနေ့နံနက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားဟောင်း ၁ ဦးသေဆုံးပြီး ဒေသခံ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် လားရှိုးရပ်ကွက်- ၁ တွင် ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကနဦးသတင်းအရ အရပ်သား ၁၂ ဦးထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ပေးထားသည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA က ယနေ့နေ့လည်ပိုင်းတွင်ထုတ်ပြန်သည်။
လားရှိုးမြို့ခံတစ်ဦးက “တစ်ဦးသေတယ်။ ဆေသုံးသွားတဲ့သူက နိုင်ကျဉ်းဟောင်းပဲ။ ၁၅ ယောက်ထိခိုက်ဒဏ်ရာရတယ်” ဟု နောက်ဆုံးသိရှိရသည့် အခြေအနေကို သံလွင်ခက်ကို ပြောသည်။
သေဆုံးခဲ့သူ နိုင်ကျဉ်းဟောင်းအပါအဝင် တခြားထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှုအသေးစိပ်ကို သံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ယမန်နေ့ကလည်း လားရှိုးမြို့၊ ရပ်ကွက်- ၁၂ အားကစားရုံနှင့် ရေပူစမ်းအနီးရှိ Silver Sky ဟိုတယ်အနီးကို စစ်ကောင်စီက လေကြောင်းမှ ဗုံး ၂ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ ကုန်တင်ကား ၄ စီးအပါအဝင် ကား ၁၅ စီးနှင့် ဟိုတယ်အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု MNDAA က ယမန်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် ၉ ရှိ အမှတ် ၈ အခြေခံပညာ အထက်တန်းကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းအဆောက်အဦးအများအပြားပျက်စီးခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့သည်။
ဓာတ်ပုံ- The Kokang