ထွယ်
စက်တင်ဘာ ၉၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ပူး ပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံတချို့ထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်တွင် ဆိုင်းတောင်ကျေးရွာရှိ Lucky Man ဟိုတည်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို KIA ပူးပေါင်းတပ်မှ ဝန်းရံပိတ်ဆို့ထားပြီး စက်တင်ဘာ ၈ ရက် ည ၁၁ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မနေ့တုန်းက ကြားမှာ ငြိမ်သွားတာ ၂ နာရီလောက်ပဲရှိတယ်။ တနေကုန်ပစ်နေတာ၊ တစ်ချက်နှစ်ချက်ပစ်လိုက်၊ လက်နက်ကြီးထုလိုက်၊ ဆက်တိုက်ပြင်းပြင်းထန်ထန် အဆက်မပြတ် ပစ်ကြလိုက်။ အဲလိုကို တစ်နေကုန်ဖြစ်နေတာ” ဟု ဆိုင်းတောင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်တလောတွင် ဒေသခံများမှာ ဘေးလွတ်ရာသို့ အလံဖြူထောင်ကာ ဖားပြင်ဈေး၊ ကောက်သွေးတောင်၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄ နှင့် မော်ရှန်ဘုန်းကြီးကျောင်းတို့တွင် ရှောင်တိမ်းနေကြရသည်ဟု ၎င်းက ဆက်ပြောသည်။
ယမန့်နေ့က ကျောက်သွေးတောင်ဘက်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သခြင့် ဒေသခံတစ်ဦးသေဆုံးခဲ့သည်ဟု သိရသော်လည်း လက်တလောတွင် ဖားကန့်မြို့နယ်၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအခက်အခဲများကြောင့် သံလွင် ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေသည်မှာ ၅ ရက်ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် စက်တင်ဘာလ ၄ ရက်နေ့ကတည်းက မရှီကထောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- ဒေသခံတစ်ဦး