သံလွင်ခက်
စက်တင်ဘာလ ၇၊၂၀၂၄။
စစ်ကောင်စီ၏ အရပ်သားများအပေါ် လူသားမဆန်စွာလုပ်ရပ်များကို နိုင်ငံတကာအသိုင်းအဝိုင်းက အမှန်တကယ်ထိရောက်သည့် ဥပဒေပြဌာန်းရန်လိုအပ်ပြီး လူ့အခွင့်အရေးကို အကာကွယ်ပေးသင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သံလွင်ခက်ကိုပြောသည်။
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကိုတန်ဖိုးထားကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကိုယ့်နိုင်ငံအတွင်းကနေ လုပ်လို့ရမယ့်ဟာတွေ၊ ပြဌာန်းလို့ရမယ့် ဉပဒေတွေပြဌာန်းပြီးတော့ ပါဝင်ကူညီဖို့အထိ ပြည်တွင်းမှာရှိနေတဲ့ လူတွေရဲ့ အသက်အိုးအိမ်ကိုအကာကွယ်ပေးနိုင်ဖို့ဆိုတဲ့ တာဝန်မျိုးယူကြတော့မှပဲ အဆင်ပြေမယ့်သဘောမျိုးရှိတယ်” ဟု ၎င်းက ဆိုသည်။
အရပ်သားပြည်သူများနေထိုင်သည့် နေရာများနှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နယ်မြေစိုးမိုးမှု အရပြန်လည်ရယူရန်နှင့် စစ်ကောင်စီလက်ပါးစေများအား စိတ်ဓာတ်မြှင့်တင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဆိုသည်။
၎င်းက “သူတို့ ပြောနေကြစကားတစ်ခွန်းရှိတယ်။ မြေပဲကျန်ရင်တော်ပြီဆိုတဲ့ ပုံစံမျိုးပေါ့နော်။ သူတို့က လူမျိုးစုတွေ ကို ရှင်းချင်တဲ့ပုံစံမျိုး တမင်ကို အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖို့လုပ်တာ”ဟု ဆိုသည်။
စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်လိုက်ခဲ့ရသည့် တိုင်းရင်းသားနယ်မြေများကို နယ်မြေ၊ စခန်းများကို ပြန်လည်ရယူရန်ပြင်ဆင်နေပြီဖြစ်သလို လေကြောင်းမှ အင်အားသုံးတိုက်ခိုက်နေခြင်းဖြစ်သည်ဟု တပ်ကြပ်ကြီး ဇေယျက ဆိုသည်။
ယခုနှစ် စက်တင်ဘာလပထမအပတ်အတွင်း တိုင်းရင်းသားနယ်မြေများနှင့် စစ်ရှောင်စခန်း၊ အရပ်သားပြည်သူများနေ ထိုင်သည့်နေရာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၁၃) ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှု (၄၀) နီးပါးရှိခဲ့သည်။
စက်တင်ဘာ ၁ ရက်မှ ၇ ရက်အတွင်း ရှမ်းမြောက်၊ ရှမ်းတောင်၊ ကရင်နီပြည်၊ ချင်းပြည်၊ မန္တလေးတိုင်း၊ မကွေးတိုင်းစသည့် နေရာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကလေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်များအတွင်း စက်တင်ဘာလ ၆ ရက် တစ်နေ့တည်းမှာပင် ရှမ်းပြည်နယ်နမ့်ခမ်းနှင့် နောင်ချိုမြို့၊ ချင်းပြည်နယ်မင်းတပ်၊ မကွေးတိုင်းမြိုင်မြို့နှင့် ကရင်နီပြည်ဖယ်ခုံမြို့ဘန်ကောက်စစ်ရှောင်စခန်းစသည့် နေရာ (၅) ကို လေ ကြောင်းတိုက်ခိုက်မှု အပြင်းထန်ပြုလုပ်ခဲ့သည်။
ထိုဖြစ်ရပ်များအတွင်း ကလေးငယ် (၁၀) ဦး အပါအဝင် အရပ်သား ပြည်သူ (၂၇) ဦး သေဆုံးခဲ့သည်။
ပုံစာ- စက်တင်ဘာ ၆ ရက်နေ့က စစ်တပ်ဗုံးကြဲခဲ့သည့် နမ့်ခမ်းမြို့ မြင်ကွင်းဓာတ်ပုံ- သံလွင်ခက်။