သံလွင်ခက်
စက်တင်ဘာ ၇၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၁၃ ဦးသေဆုံးပြီး အဆောက်အအုံတချို့ပျက်ဆီးခဲ့ရတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ နံနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က နမ့်ခမ်းမြို့ညစျေး(ပါင်ပွဲ)အနီးက လူနေအိမ်တွေနဲ့ ကျားဖြူခမ်းမအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတဲ့ စစ်ကောင်စီဟာ စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ TNLA က တုံ့ပြန်ထားပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ စစ်ကောင်စီဟာ နမ့်ခမ်းမြို့အပါအဝင် နောင်ချို၊ မင်းတပ်၊ လက်ယက်မကျေးရွာ (မြိုင်)၊ လအိစစ်ရှောင်စခန်း (ဖယ်ခုံ) တို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃၀ ထက်မနည်းသေဆုံးခဲ့ရတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- မောင်ချေ/သံလွင်ခက်