ခင်သရဖီဦး
စက်တင်ဘာ ၇၊ ၂၀၂၄။
ရခိုင်ပြည်၊ မြေပုံမြို့နယ်ရှိ ငမန်းရဲကျွန်းမှ ရေလုပ်ငန်းလုပ်ကိုင်နေကြသည့်ဒေသခံများသည် ငါးပုဇွန်ဈေးကွက်ပျက်ဆီး ခဲ့သဖြင့် အခက်ကြုံတွေ့နေကြရသည်ဟု ရေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီက ရခိုင်ပြည်နှင့် တခြားပြည်နယ်သို့ ကုန်သွယ်ရေးလမ်းကြောင်း များဖြတ်တောက်ခဲ့သဖြင့် ရခိုင်ပြည်တွင် အခြေခံကုန်ဈေးနှုန်းများကြီးမြင့်ခဲ့ရပြီး ဒေသထွက်ကုန်စည်များ ပိတ်ဆို့ခံရ ခြင်းကြောင့် ယခုကဲ့သို့ ငါးပုဇွန်ဈေးကွက်ပျက်ခဲ့ရခြင်းဖြစ်သည်။
“ဒီဖက်မှာက ငါးရှာပြီးတော့ စားတာတစ်ခုပဲ လုပ်ကြတယ်၊ အရင်ကဆိုရင် ငါးတွေပုဇွန်တွေက ဈေးကောင်းရတယ်။ အခုက ငါးရလာရင်လည်း အဖိုးမတန်တော့ဘူး။ ဝယ်တဲ့လူတွေကလည်း မရှိတော့ ပိုဆိုးတယ်” ဟု လွန်းလုံးပိုက်ကျေး ရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။
ယခင်က ကျားပုဇွန် ၁ ပိဿာလျှင် ကျပ် ၅၀,၀၀၀ မှ ယခုတွင် ကျပ် ၁၀,၀၀၀၊ ပြုတ်ပုဇွန်ငယ် ၁ ပိဿာ လျှင် ၅,၀၀၀ ကျပ်မှ ၁,၀၀၀ ကျပ်၊ ငါးကျီး ၁ပိဿာလျှင် ၁၇,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်နှင့် ဂဏာန်းတစ်လုံးလျှင် ၈၀၀ ကျပ်မှ ၂၀၀ ကျပ်သို့ ထိုးကျနေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
ယင်းကဲ့သို့ဈေးကွက်ပျက်ခြင်းကြောင့် ပိုမိုခက်ခဲလာသည်ဟု ဝကောက်ကြီးကျေးရွာမှ ငါးရှာသည့်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။
“ငါးနေ့တိုင်း ရှာဖမ်းဖို့ကလည်းအဆင်မပြေပါဘူး။ ဓာတ်ဆီခကလည်း ဈေးကြီးတော့ ငါးအကြီးကြီးတစ်ကောင် ဖမ်းမိမှ ဆီခတွေ ဘာတွေကိုက်မယ်။ တစ်ရက် မြစ်ကိုထွက်ရင် နှစ်ကောင်-သုံးကောင်လောက် ဖမ်းနိုင်မှအဆင်ပြေမယ်။ တစ်ကောင်လောက်ပဲ ဖမ်းမိလာရင် အရှုံးပေါ်တယ်” ဟု ၎င်းက ဆိုသည်။
ငမန်းရဲကျွန်းတွင် လွန်းလုံးပိုက်ကျေးရွာ၊ ပြင်ချောင်းကျေးရွာ၊ ငမန်းရဲကြီးကျေးရွာ၊ ဝကောက်ကြီးကျေးရွာ၊ ကြက်ရေ ကြီးကျေးရွာ၊ ညောင်တောကျေးရွာ၊ တံတားဦးကျေးရွာ၊ ပြင်င/ခူချောင်းကျေးရွာ၊ တွင်းင/ခူချောင်းကျေးရွာ၊ မြောက်ကြိမ်ကျေးရွာ၊ အလယ်ကျွန်းကျေးရွာစသည့် ကျေးရွာပေါင်း (၁၃) ရွာရှိပြီး လူဦးရေး ၁၁၀,၀၀၀ ခန့် နေထိုင်ကြသည်။
ပုံစာ- ငမန်းရဲကျွန်းမှ ဒေသခံများ ငါးဖမ်းနေသည့် မြင်ကွင်း။ ဓာတ်ပုံ – ခင်သရဖီဦး/သံလွင်ခက်။