သံလွင်ခက်
စက်တင်ဘာ ၇၊၂၀၂၄။
မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်အတွင်းရှိ ဆင်အကောင်ရေ ၁၄၀ နီးပါးရှိသော ဆင်ဝိုင်း၂၁ ဝိုင်းကို အစိုးရသစ်လက်ထက်တွင် နိုင်ငံ့ရတနာအဖြစ် ပြန်လည်ပေးအပ်သွားမည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့တွင် မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်ကောင်စီလက်အောက်ခံ၊ သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်များနှင့် ဆင်အုပ်၊ ဆင်ထိန်းများ၏ မိသားစုများသည် PLA ထိန်းချုပ်နယ်မြေကို လာရောက်ခိုလှုံခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် PLA- ၂၂၂ တပ်ရင်းက ထိန်းသိမ်းစောင့်ရှောက်ထားပြီး ဆင်အုပ်၊ ဆင်ထိန်းမိသားစုဝင်များအား ဆန်နှင့်ဆီ ထောက်ပံ့ကူညီထားပြီး ဆင်ရာချီအတွက် ဆေးဝါးများလိုအပ်လျက်ရှိသည်ဟု PLA တာဝန်ရှိသူက ဆိုသည်။
“စစ်တွေတိုက်နေတဲ့ကြားထဲမှာ ဆင်တွေကို ထိန်းပေးရတယ်ဆိုတာတော်လှန်ရေး တာဝန်တစ်ရပ်အနေနဲ့မသမာသူ လက်ထဲရောက်သွားမှာဆိုလို့ ဆင်ဦးစီးမိသားစုတွေလည်း ဒုက္ခရောက်မှာဆိုးလို့ တတ်နိုင်သလောက် စောင့်ရှောက်တဲ့ သဘောပါ။ အားလုံးတော်လှန်ရေးပြီးမယ် အစိုးရသစ်ပေါ် လာပြီဆိုရင်တော့ နိုင်ငံ့ရတနာအနေနဲ့ပြန်အပ်ပြီးတော့ သစ်တောဌာနတွေ သင့်တော်တဲ့နေရာတွေမှာထားဖို့တော့ ရှိပါတယ်” ဟု PLA ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခများကြောင့် ဆင်နှင့် အခြားတိရစ္ဆာန်များသည် ကျက်စားနယ်မြေပျောက်ဆုံးခြင်း၊ အမဲလိုက်သတ်ဖြတ်ခံရခြင်းများဖြစ်ပေါ်နေပြီး လျော့နည်းလာသည့် ဆင်များကို ထိန်းသိမ်းကာကွယ်ဖို့အတွက် ဒေသ ခံလူထုများ၊ အစိုးရများနှင့် အခြားအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ရန် မြန်မာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့- WWF က ဖိတ်ခေါ်ထားသည်။
ပုံစာ- PLA ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဆင်များနှင့်ဆင်အုပ်ဆင်ထိန်းမိသားစုဝင်များ။ ဓာတ်ပုံ- PLA