မောင်ဘဦး
စက်တင်ဘာ ၆၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ ၂ရွာကို စစ်ကောင်စီက ထပ်မံမီးရှိုခဲ့ရာ ၄ ရက်အတွင်း ကျေးရွာ ၈ ရွာကို ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နှင့် ၅ ရက်တွင် မဒေါင်းလှကျေးရွာမှထွက်လာသည့် အင်အား ၁၇၀ ပါ သည့် စစ်ကောင်စီတပ်နှင့် ကန့်ဘလူပျူစောထီးအဖွဲ့သည် နှဲတွင်းနှင့် ဆီဆုံရွာတို့ကို ဝင်ရောက်မီးရှို့ခဲ့ပြီး ၄ ရက်အတွင်း ငကြိုင်း၊ အင်ကြင်းပင်၊ စောကြီး၊ သနပ်စိန်၊ ဖန်းခါးကုန်း၊ ပေါက်တောရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးထားခြင်းဖြစ်သည်။
“နေအိမ်ပျက်စီးမှု ရာကျော်နိုင်ချေရှိတယ်လို့ ခန့်မှန်းရတယ်ဗျ။ အခု လက်ရှိအချိန်ထိ ဘာတိုက်ပွဲမှတော့ ဖြစ်မထားပါဘူး။ ပြည်သူပိုင်နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေကြတာပါ” ဟု စစ်ရှောင်အရေးကူညီပေးနေသူ ကိုငြိမ်းက ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်တွင် ပျူစောထီးအားကောင်းသည့် မဒေါင်းလှရွာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီမှ ၄ ရက်အတွင်း ကျေးရွာ ၂၀ ရွာနီးပါးကို Mi 35 နှင့် Y-12 အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံတစ်ဦးသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လတ်တလောတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျေးရွာ ၂၀ နီးပါးမှ စစ်ရှောင်သက်ကြီးရွယ်များ အပါအဝင် အမျိုးသမီးများနှင့် ကလေးငယ်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ် လိုအပ်လျက်ရှိသည်။
ပုံစာ – ခင်ဦးမြို့နယ် စစ်ရှောင်များ။ ဓာတ်ပုံ- People’s Defense Comrade